Friday, January 8, 2016

ဘုရားဆုနှင့်ဗျာဒိတ်တော်

ဘုရားဆုနှင့် ဗျာဒိတ်တော်
~~~~~~~~~~~~~~~

အရှင်ဘုရား

တပည့်တော်သည် ငယ်စဉ်ဘဝကပင် လူကြီးသူမ များက ဘုရား အကြောင်းကို ပြောပြသဖြင့် အလွန်ကြည်ညိုကာ အိမ်ရှိဘုရားကို အမြဲရှိခိုး၍ ဘုရား ဖြစ်ရပါလိုကြောင်း ဆုတောင်းခဲ့ပါသည်။ တပည့်တော်သည် ဘုရား ထံမှ ဘယ်သောအခါ ဗျာဒိတ်ရမည်နည်း။ အထူးသိလိုပါသဖြင့် ဖြေကြားပေးတော်မူပါ ဘုရား။   ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~

'' မနုဿတ္တံ လင်္ဂသမ္ပတ္တိ၊ ဟေတု သတ္တာရဒဿနံ၊ ပဗ္ဗဇ္ဇာဂုဏ သမ္ပတ္တိ၊ အဓိကာရော စ ဆန္ဒတာ၊ အဋ္ဌဓမ္မသမ္မောဓာနာ၊ အဘိဟာရော သမိဇ္ဇတိ'' ဟူသော သုတ္တနိပါတ် ခဂ္ဂဝိသာဏသုတ် အဖွင့်အရ...

၁...လူသားစင်စစ်ဖြစ်ခြင်း

၂...ယောက်ျားစင်စစ်ဖြစ်ခြင်း

၃...တိဟိတ် ပဋိသန္ဓေ နေ၍ ရဟန္တာ ဖြစ်နိုင်သော ဥပနိဿယနှင့် ပြည့်စုံခြင်း

၎...ဘုရား အစစ်ကို ဖူးတွေ့ရခြင်း

၅...ရသေ့, ရဟန်း ဖြစ်ခြင်း

၆...ဈာန်အဘိညာဉ်ဂုဏ်နှင့် ပြည့်စုံခြင်း

၇...အသက်ကိုစွန့်၍ ဘုရားဆုကို တောင်းခြင်း

၈...ဘုရား ဖြစ်ကြောင်း ပါရမီကို ဖြည့်လိုသော ဆန္ဒရှိခြင်း

ဟု အင်္ဂါ ရှစ်ပါး ရှိသည်။

ဤ၈ပါးသော အင်္ဂါ နှင့် ပြည့်စုံလျှင် ဘုရားဖြစ်ရန် နိယတဗျာဒိတ်ကို ရရှိနိုင်သည်ဟု ဆိုပါသည်။ ယခုခေတ် အချိန်၌ ဤအင်္ဂါ ၈ ပါးတွင်  ၄ နှင့် ၆ မှာ ပြည့်စုံနိုင်ခြင်း မရှိပါ။

ထို့ပြင်  ၇ အင်္ဂါအရ အလုံးစုံသော စကြ၀ဠာမှာ မီးခဲ အပြည့် ရှိအံ့, လှံသွားအတိ ပြွမ်းအံ့, ၎င်းတို့ကို နင်း၍ သွားနိုင်မှ ဘုရားဆုပြည့်မည်ဆိုလျှင်ပင် နင်းသွား၍ ဘုရား ဆုကို ရယူလိုစိတ် ရှိရမည်။ ဤမျှ ဘုရားဖြစ်လို စိတ် အားကြီးရမည် ဆိုပါသည်။   ။

ရဝေထွန်း ( ဆရာတော်ဦးတိလောကသာရ )
ဘာသာရေးပြဿနာများ ...စာအုပ်မှ ကူးယူ၍ ဓမ္မဒါန ပြုပါသည်။

No comments:

Post a Comment