“စူဠပန္ထကမထေရ်၏ ဝဋ်ကြွေး”
••••••••••••••••••••••••••••••••
ရာဇဂြိုဟ်မြို့မှ ဓနသေဋ္ဌိသူဌေးသမီးသည်
အိမ်တွင် ခိုင်းစေထားသောကျွန်နှင့်
လိုက်ပြေး အိမ်ထောင်ပြုသွား၍
မိဘတို့က သူမအား စွန့်ပစ်ထားခဲ့သည်။
ထိုသူဌေးသမီးမှ သားနှစ်ယောက်မွေးခဲ့သည်။
သူဋ္ဌေးသမီးသည် ကိုယ်ဝန်ရှိစဉ်မိဘထံ
မိမိဘာသာပြန်လာရင်းထို သားများကို
လမ်းခရီးတွင်မွေး၍ ပန္ထကဟု အမည်ပေးခဲ့သည်။
သားအကြီးရော၊အငယ်ပါ လမ်းခရီးတွင်မွေးခဲ့၍
“အကြီးကို မဟာပန္ထက၊
အငယ်ကို စူဠပန္ထက”ဟုခေါ်ခဲ့သည်။
ကလေးများ သိတတ်စအရွယ်ရောက်၍ မိမိတို့၏
အဘိုးအဘွားကို မေးလာ၍ မိခင်ကကလေးများကို
ခေါ်ယူကာ မိဘတို့ထံ လူကြုံနှင့် ပို့ပေးစေသည်။
ဘိုးဘွားတို့က သမီး နှင့်သမက်ကို လက်မခံ။
ထိုက်သင့်သော ငွေကြေးသာ ထောက်ပံ့ပေးပြီး
မြေးနှစ်ယောက်ကိုသာ ခေါ်ထားလိုက်သည်။
မဟာပန္ထကမှာ အဘိုးနှင့်အတူ ဘုရားရှင်တရားပွဲသို့
အမြဲလိုက်ရာမှ သာသနာဘောင် ဝင်လိုသောစိတ်
ရှိလာ၍ အဘိုးထံခွင့်ပန်ရာ အဘိုးကခွင့်ပြု၍
ရဟန်းပြုခဲ့သည်။
မဟာပန္ထကသည် တရားတော်များကို သင်ယူ၍
အသက်(၂၀) ပြည့်တွင်ရဟန်းခံကာ
ရဟန်းအဖြစ်သို့ ရောက်သည်။
ကမ္မဋ္ဌာန်းကို စီးဖြန်းပွားများခြင်းကိုပြုရာ
မကြာခင် အရဟတ္တဖိုလ်ဆိုက်ခဲ့လေသည်။
မဟာပန္ထကမထေရ်သည် ညီငယ်
စူဠပန္ထကကိုလည်း သာသနာဘောင်
သွတ်သွင်းလို၍ အဘိုးထံ မေတ္တာရပ်ခံ
တောင်းပန်ရာ အဘိုးက ခွင့်ပြုသဖြင့် စူဠပန္ထကသည်
သာသနာဘောင်သို့ ဝင်ခဲ့လေသည်။
စူဠပန္ထကသည် နုံ့နည်းသော ဉာဏ်ရှိသည်။
တစ်ခု သောဂါထာကို လေးလပတ်လုံးသင်ယူရာ
မတတ်မြောက်ချေ။
ထိုအခါ အစ်ကိုဖြစ်သူ မဟာပန္ထကက
“သင်သည် ဘုရားသာသနာနှင့် မထိုက်တန်ချေ။
လေးလကြာတာတောင် ဂါထာတစ်ပုဒ် မရ။
ရဟန်းကိစ္စ အဘယ်ကဲ့သို့ ပြီးစီးနိုင်မလဲ။
ဤကျောင်းကသာ ထွက်သွားပါတော့” ဟု
နှင်ထုတ်လေသည်။
ထိုအချိန်က မဟာပန္ထကမထေရ်သည်
ဆွမ်းညွှန်း မထေရ် ဖြစ်သည်။
ဆရာဇီဝကက ဆွမ်းစားလာဖိတ်သည်။
ဆရာဇီဝကက ဘုရားရှင်အနီးရှိ သံဃာ
အရေအတွက်ကို မေးလျှောက်သည်။
မဟာပန္ထကမထေရ်က စူဠပန္ထကမထေရ်ကို
ချန်ထားပြီး ကျန်သံဃာစာရင်းကို ပေးလိုက်သည်။
စူဠပန္ထကသည် ငါ့အစ်ကိုကာ ငါ့ကိုချစ်ခြင်း မရှိပြီ။
ဤသာသနာ၌ နေဖို့မသင့်တော် ဟုဆုံးဖြတ်ပြီး
လူဝတ်လဲရန်ကျောင်းက ထွက်ခဲ့သည်။
ကျောင်းပေါက်ဝအရောက်တွင် ဘုရားရှင်နှင့်
တွေ့လေသည်။
ဘုရားရှင်ကလည်း စူဠပန္ထက၏ ပါရမီရင့်ကျက်မှုကို
သိ၍ ကြိုတင် စောင့်ဆိုင်းနေခြင်းဖြစ်သည်။
ဘုရားရှင်က စူဠပန္ထကကို အကျိုးအကြောင်းမေးပြီး
“သင်သည်ငါဘုရားထံမှာ ရဟန်းပြုသူဖြစ်သည်။
သင် အစ်ကိုထံမှာ ရဟန်းပြုခဲ့သည်မဟုတ်။
သင်သည် လူအဖြစ်နှင့် အဘယ်အကျိုးရှိအံ့နည်း”
ဟု မိန့်ကြားသည်။တစ်ဖန် ဘုရားရှင်က စူဠပန္ထက၏
ဦးခေါင်းကို လက်ဖြင့်သုံးသပ်တော်မူပြီး ခေါ်ယူကာ
ဂန္ဓကုဋိတိုက်မုခ်ဦး၌ နေစေသည်။
“ချစ်သားစူဠပန္ထက.... အရှေ့လောကဓာတ်ကို
ရှေးရှု၍ ဤပုဆိုးပိုင်းကို ရဇော ဟရဏံဟု
သုံးသပ်ဆုတ်နယ်လျက် ဤအရပ်၌ပင်နေဦးလော့”
ဟုမိန့်ကြားပြီး ဘုရားရှင်သည် ရဟန်းအပေါင်းခြံရံလျက်
ဆရာဇီဝကအိမ်သို့ ဆွမ်းစားကြွတော်မူလေသည်။
စူဠပန္ထကသည် ဘုရားရှင်ပေးခဲ့သော အဝတ်ဖြူကို
ရဇော ဟရဏံ ရွတ်ဆို၍ဆုတ်နယ်နေသည်။
မကြာခင်အဝတ် စသည် ညစ်နွမ်းခြင်း ဖြစ်လေသည်။
“ဤပုဆိုးပိုင်းသည်ကား အလွန် သန့်ရှင်းစင်ကြယ်၏။
ယင်းသို့ပင် သန့်ရှင်းစင်ကြယ်သော်လည်း ဤခန္ဓာကိုယ်
အတ္တဘောကိုမှီ၍ ရှေး၌ဖြစ်သော သန့်ရှင်းစင်ကြယ်သော
သဘောကိုစွန့်ပြီး ဤသို့ညစ်နွမ်းခြင်းဖြစ်ရသည်။
စင်စစ်အားဖြင့် ကံ၊စိတ်၊ ဥတု၊ အာဟာရ ဟူသော
အကြောင်းလေးပါးတို့သည် ပေါင်း၍ပြုပြင်အပ်သော
သင်္ခါရတရားတို့သည် အမြဲမပြတ် ဖောက်ပြန်သော
အစွမ်းသတ္တိ ရှိချေသည်တကား”ဟု
အပျက်သဘောကို မြင်၍ ဝိပဿနာပွားလေသည်။
ဘုရားရှင်လည်း ဇီဝကအိမ်တော်မှနေ၍
ကိုယ်ရောင်တော်ကို လွှတ်ကာ တရားဟောလေရာ
စူဠပန္ထကသည် မကြာမီ ပဋိသမ္ဘဒါနှင့်တကွ
အရဟတ္တဖိုလ်သို့ ဆိုက်ရောက်လေသည်။
▬▬▬▬▬▬▬▬▬▬▬▬
“အတိတ်မကောင်းမှုကံ”
▬▬▬▬▬▬▬▬▬▬▬▬
ကဿပဘုရားရှင်လက်ထက်တွင် အရှင်စူဠပန္ထကသည်
ပညာရှိသော ရဟန်းတစ်ပါး ဖြစ်ခဲ့ရသည်။
တစ်နေ့တွင် မထင်ရှားသော ဉာဏ်နုံ့နည်းသောရဟန်း
တစ်ပါး၏ ပါဠိသင်ယူမှုကို အမှတ်မထင်
ပြက်ရယ်မှုပြုမိသည်။ ပါဠိသင်နေသောရဟန်းသည်
ပျက်ရယ်မှု ပြုခံရ၍ အလွန်ရှက်လှသောကြောင့်
ပါဠိကိုမသင်-ရွတ်ဖတ်သရဇ္ဈာယ်မှုကို
မပြုတော့ချေ။
အရှင်စူဠပန္ထကသည် ထိုမကောင်းပြက်ရယ်ပြုမှု
အကုသိုလ်ကံကြောင့် မိမိပြက်ရယ်ပြုခံရသော
ရဟန်းကဲ့သို့ပင် ဖြစ်လေရာဘဝတိုင်း၌
ဉာဏ်လေးခြင်း၊ထုံထိုင်းခြင်း ဖြစ်ရလေသည်။
အမှတ်မထင် လှောင်ပြောင်မှုတည်းဟူသော
အကုသိုလ်ကံလေးသည်ပင် ကြီးကျယ်သော
မကောင်းကျိုး ဝဋ်လိုက်တတ်သည်ကို
သိသာနိုင်ပါသည်။
ယခုပစ္စုပ္ပန်လောကတွင်ပင် အထစ်နေသောသူကို
ပြက်ရယ်ပြု၍ အ,ထစ်ယောင်ပြုပါက မိမိသည်ပင်လျှင်
အ ထစ်သွားသည်ကို လက်တွေ့ တွေ့ကြရသည်။
ဤသည်မှာ မကောင်းမှုဝဋ်ကြွေး လက်ငင်းလိုက်ပါ
အကျိုးပေးခြင်း ဖြစ်ပါသည်။ ။
-【မဟာသဒ္ဓမ္မဇောတိကဓဇ တက္ကသိုလ် သျှင်သီရိ
(ဓမ္မစရိယ၊ ဘီ-အေ)】
No comments:
Post a Comment