Friday, January 8, 2016

အသူရကယ်

အသူရကာယ်
•••••••••••••••••

အရှင်ဘုရား

တပည့်တော် တို့ကို လူကြီးတွေက ''မင်းတို့အားလုံး သေ ရင် အသူရကာယ် ဖြစ်မယ်'' ဟု ပြောပါသည်။ အသူရ ကာယ် ဆိုတာ ဘယ်သတ္တဝါမျိုးကို ခေါ်ပါသလဲ။ အဘယ် အကုသိုလ်ကို ပြုလုပ်၍ ဖြစ်ကာ အဘယ်မျှ သက်တမ်း ရှိ သည်ကို သိလိုပါသည် ဘုရား။  ။

•••••••••••••••••••••••••••••••••••••••••••••••••••••••

အသူရကာယ်ကား ဘုံသီးခြားမရှိ။ ပြိတ္တာများ ကဲ့သို့ပင် လူ့ဘုံရှိ သမုဒ္ဒရာ ,တော, တောင် စသည်တို့၌ တည်သည်။ ပြိတ္တာများထက် ကိုယ်ကာယ, ဆင်းရဲ ဒုက္ခအသက်တမ်း ကြီးမားရှည်လျားသည်။

ကာလကဉ္စိက အသုရာ စသည်ဖြစ်၍ ၎င်းတို့ ကိုယ်ကာယ မှာ ၃ ဂါဝုတ်ခန့် ကြီးမားသည်။ အသွေးအသား အလွန် နည်းပါးလျက် ဖက်ရွက်ရော်ကဲ့သို့ ကြုံလှီဖျော့တော့သည်။ ပုစွန်မျက်စိပမာ မျက်စိတို့က ပြူးရရူး ထွက်နေကြသည်။ မျက်လုံးတို့ကလည်း နေရာမဟုတ်, ဦးထိပ်၌ ရှိသည်။

ကိုယ်ကာယ ကြီးမားပြီး ပါးစပ်ကမူ အပ်ပေါက်ပမာ အလွန် သေးငယ်သည်။ ယင်းပါးစပ်သည်လည်း ဦးခေါင်း ထက်၌ ရှိ၍ အစာကိုမြင်လျှင် ဦးစိုက်၍ ယူရသည်။ သို့ သော် မည်သည့် အခါမျှ ဝလင်အောင် မစားရ။ မြစ်တို့ကို တွေ့လျက် ရေမသောက်ရ။ မီးတဟုန်းဟုန်း တောက် လျက် သက်တမ်းရှည်သမျှ ငတ်မွတ်ဆာလောင်သော ဒုက္ခကို ခံနေကြရသည်။

၎င်းတို့မှာ ကျမ်းဂန်အရ မိစ္ဆာဒိဋ္ဌိ, ကံကြွင်းကြောင့် ခံရခြင်း ဖြစ်၏။ သီလဝန္တ, ရဟန်းသံဃာတော်တို့ကို ပြစ်မှား၍ ဖြစ် ရခြင်း စသည်ဖြင့် ပေတဝတ္ထုများ၌ လာရှိသည်။

( မိစ္ဆာဒိဋ္ဌိကံ၏ အကျိုးရင်းကြောင်းကား ငရဲ၌ ခံခဲ့ရပြီးပြီး ) ၎င်းတို့ သက်တမ်းမှာ အမြဲမရှိ, အကုသိုလ်ကံ မကုန်သမျှ ခံစားရသည်။ အချို့ ကမ္ဘာသက်တမ်းနှင့် အမျှပင် ခံစားရ သည်ဟု ဆိုပေသည်။  ။

ရဝေထွန်း ( ဆရာတော်ဦးတိလောကသာရ )
ဘာသာရေးပြဿနာများ... စာအုပ်မှ ကူးယူ၍ ဓမ္မဒါန ပြုပါသည်။

No comments:

Post a Comment