Unsolved Mysteries: 'Easter Island aka The Navel of the World'
ဖြေရှင်းမရသော အံဖွယ်ပဟေဋ္ဌိများ : အံ့ဖွယ် အီစတာကျွန်း (သို့) ကမ္ဘာမြေကြီး၏ ချက်
==============================================
ကျနော်တို့ဟာ ထူးဆန်းအံ့ဖွယ်တွေပြည့်နှက်နေတဲ့ ကမ္ဘာကြီးပေါ်မှာ နေထိုင်နေကြရတာပါ။သိပ္ပံပညာတွေ ထွန်းကားနေတဲ့ ခေတ်ကြီးမှာတောင် ဖြေရှင်းမရတဲ့ ပဟေဌိတွေဟာ ဒုနဲ့ဒေးရှိနေခဲ့တာပါ။ ဥပမာ ဘာမြူဒါတြိဂံထဲမှာ ဘာတွေဖြစ်ခဲ့သလဲ? အတ္တလန်တိတ် သမုဒ္ဒရာအောက်က ဘီမီနီလမ်းကြောင်းကကော ဘယ်လိုဖြစ်ပေါ်ခဲ့တာလဲ? ဒါတွေဟာ လက်ရှိအချိန်အထိ ဝိဝါဒတွေ ကွဲပြားနေခဲ့တာပါ။
ယခုဖော်ပြမဲ့ အီစတာကျွန်းဟာလည်း စိတ်ဝင်စားဖွယ်တွေ မေးခွန်းတွေနဲ့ ပြည့်နှက်နေတဲ့ ကျွန်းတစ်ခုပါ။ ချီလီနိုင်ငံရဲ့ Concepcion မြို့ရဲ့တောင်ဘက်ပိုင်းမှာရှိပြီး ချီလီနိုင်ငံ နှင့် တီဟီတီရဲ့ အလယ်လောက်မှာရှိတဲ့ တြိဂံပုံသဏ္ဍာန်ရှိ မီးတောင်ကျွန်းလေးပါ။ထိုနေရာလေးသည် ကမ္ဘာပေါ်တွင် အခြားနေရာများနှင့် အလွန်ကွာဝေးကာ အလွန်ပင်အထီးကျန်ဆန်လှသော နေရာတစ်ခုဖြစ်ပါသည်။ သို့သော် ထိုကျွန်းလေးပေါ်တွင် ရှေးပဝေသဏီက အသိရခက်သောမျိုးနွယ်စု တစ်စုသည် တန် ၉၀ ကျော်လေးသော ကျောက်သားကြီးများကို ထူးဆန်းသောပုံပန်းသဏ္ဍန်ရှိသော ရုပ်ထုကြီးများကိုထုဆစ်ကာ နှောင်းလူသားတို့အတွက် ပဟေဋ္ဌိများကို ထားရှိခဲ့ကြလေသည်။
အီစတာကျွန်း၏ အဓိကထူးခြားချက်မှာ ၈၈၇ ခုသော ဧရာမ မီးတောင်ချော်ရုပ်ထုခေါ် မွိုင်တွေပါပဲ။ထို မွိုင် များသည် ၁၂ ပေမှ ၁၅ ပေအထိအမြင့်ရှိကာ ပျမ်းမျအလေးချိန်သည် တန် ၂၀ ခန့်အထိရှိကြောင်း တွေ့ရှိရပါသည်။ ဤကျွန်းလေးကို ရှေးယခင်က 'Te Pito o te Henua' လို့ခေါ်ဆိုခဲ့ပြီး ကမ္ဘာကြီးရဲ့ ချက်လို့ အမည်တွင်ခဲ့တာကလည်း ပိုမိုထူးခြားဆန်းကြယ်စေခဲ့တဲ့ အချက်တစ်ချက်ပါ။
ကျွန်းအနှံ့အပြားမှာ ပလက်ဖောင်းတွေထုဆစ်ခဲ့ကြပြီး ထိုအပေါ်မှာ မွိုင်တွေဟာ ပင်လယ်ဘက်ကိုမျက်နှာမူပြီး ရပ်တည်နေခဲ့ကြတာပါ။ မွိုင်အများစုကို အဝါရောင်မီးတောင်ကျောက်သားနဲ့ ထုဆစ်ခဲ့ကြပြီး လက်ရာကလည်း အင်မတန်ညက်ညောပြေပြစ်တာကို တွေ့ရမှာဖြစ်ပါတယ်။ ထူးခြားတာကတော့ ဘေးအန္တရာယ်တစ်ခုခု ကြုံတွေ့ခဲ့ရပြီး ကျွန်းပေါ်မှာ မပြီးပြတ်သေးသော ထုဆစ်လက်စ မွိုင်ရုပ်ထုတွေကိုလည်း တွေ့မြင်နေရတာပါ။ ကျောက်တုံးအစအနတွေကို ကြည့်ခြင်းအားဖြင့် ကျွန်းသူကျွန်းသားတွေဟာ ဘေးအန္တရာယ်တစ်ခုခုကြောင့် ထုဆစ်လက်စမွိုင်တွေကို စွန့်ပစ်ထွက်ပြေးခဲ့ကြတယ်လို့ ယူဆစရာရှိနေခဲ့ပါတယ်။
ဒါ့အပြင် အီစတာကျွန်းပေါ်က Rongorongo အမည်ရသော အရေးအသားယာလည်း သမုဒ္ဓရာဒေသပိုင်းမှာ တွေ့ခဲ့ရတဲ့ တစ်ခုတည်းသော ရှေးဟောင်းစာအရေးအသားဖြစ်ပြီး ယခုထက်ထိ ဘာသာပြန်ပုံဖော်နိုင်ခြင်း မရှိသေးတာကလည်း အီစတာကျွန်းကို ပိုမိုထူးဆန်းလေးနက် စေခဲ့တာပါ။ ဒီတော့ အီစတာကျွန်းမှာ ဘယ်လူမျိုးစုတွေ ကြီးစိုးနေထိုင်ခဲ့လည်းဆိုတာ ကျနော်တို့ဆက်လက်လေ့လာကြည့်ရအောင်ဗျာ။
ကမ္ဘာ့လူမှုဂေဟစနစ်နှင့် အဝေးကွာအထီးအကျန်ဆုံးဖြစ်သော အီစတာကျွန်းကို အေဒီ ၇၀၀ မှ ၁၁၀၀ ကြားကာလများတွင် ပိုလီနီးရှန်းမျိုးနွယ်စုမှ မတော်တဆ ရှာဖွေတွေ့ရှိခဲ့ပြီး လက်မှုပညာအလွန် ခေတ်မှီထွန်းကားခဲ့ဟန် ရှိသည်ကို မွိုင်ရုပ်ထုများကိုကြည့်ခြင်းဖြင့် သိရှိနိုင်ပါသည်။ အစပိုင်းတွင် လူဦးရေ ၁၅၀၀၀ ခန့်ရှိသည်ဟု ခန့်မှန်းရပြီး နောက်ပိုင်းတွင် ပိုလီနီးရှန်းကြွက်များ Outbreak ဖြစ်လာခြင်း, လူဦးရေအဆမတန် ထူထပ်လာခြင်းနှင့် သဘာဝအရင်းအမြစ်များနှင့် သစ်တောများပြုန်းတီးလာခြင်းတို့ကြောင့် အေဒီ ၁၇၂၂ ခုနှစ်တွင် လူဦးရေသည် ၂၀၀၀ မှ ၃၀၀၀ ကြားအထိ ကျဆင်းလာခဲ့သည်ဟု သိရှိရသည်။ အေဒီ ၁၈၆၀ မှစတင်၍ ရောဂါဘယများ ဆိုးရွှားလာခြင်းနှင့် ကျွန်ပြုခိုင်းစေခံရမှုတို့ကြောင့် အေဒီ ၁၈၇၇ ခုနှစ်တွင် ကျွန်းသူကျွန်းသားဦးရေ ၁၁၁ ယောက်သာကျန်ရှိသည်အထိ လူဦးရေလျော့ကျခဲ့ရပါသည်။ လေ့လာသူအများစုသည် ကျွန်းသူကျွန်းသားတို့၏ ရာဇဝင်သမိုင်းကြောင်းကို ဤမျအထိခြေရာခံလေ့လာနိုင်ခဲ့ကြသော်လည်း ယင်းကျောက်ရုပ်ထုကြီးများကို မည်သည့်ရည်ရွယ်ချက်နှင့် ထုဆစ်ခဲ့ကြပါသနည်း? ထုဆစ်ခဲ့ကြသော ပညာရှင်များသည် အဘယ်ကြောင့် သဲလွန်စမကျန်ပဲ ပျောက်ကွယ်သွားကြသနည်း? ဆိုသည့် မေးခွန်းများ၏ အဖြေကိုမူ ရှာဖွေလေ့လာနိုင်ခဲ့ခြင်း မရှိခဲ့ပါချေ။
ထို့အပြင် ရေဒီယိုကာဗွန်နည်းအရ ကျောက်ရုပ်ထုများကို စမ်းသပ်စစ်ဆေးရာတွင် ကျွန်းသူကျွန်းသားတို့၏ ကျောက်ဆစ်ထုဆစ်ခြင်းမှာ အေဒီ ၁၆၅၀ ခုနှစ်တွင် လုံးဝရပ်ဆိုင်းသွားခဲ့ကြောင်း အံ့ဖွယ်တွေ့ရှိခဲ့ရပါသည်။ ဤအချက်ကို ကြည့်ခြင်းအားဖြင့် ကျွန်းသူကျွန်းသားတို့၏ ကျောက်ဆစ်ထွင်းထုခြင်းအတတ်မှာ လွန်စွာခေတ်လွန်နေကြောင်းကို သိရှိရမည်ဖြစ်ပါသည်။ ဤမျကြီးမားသော ကျောက်ဆစ်ရုပ်ကြီးများကို မည်သည့်နည်းဖြင့် ထွင်းထု၍ တစ်နေရာမှတစ်နေရာ ရွေ့ပြောင်းကာ ကျွန်းအနှံ့စိုက်ထူခဲ့သနည်းဟူသော မေးခွန်းမှာမူကား ဒဏ္ဍာရီတစ်ခုအဖြစ်သာ ကျန်ရစ်ခဲ့မည်ဖြစ်ပါတော့သည်။ လွန်ခဲ့သောမကြာမီ နှစ်များအတွင်း အသစ်ရှာဖွေတွေ့ရှိမှုများကလည်း အီစတာကျွန်းပေါ်မှ သံသရမေးခွန်းများကို ထပ်ဆင့်တိုးပွားစေမည် ဖြစ်ပါသည်။
အသစ်ရှာဖွေတွေ့ရှိမှုများအရ အီစတာကျွန်းပေါ်မှ မွိုင် ရုပ်ထုကြီးများသည် မြေပြင်ပေါ်တွင် ထိုးထွက်နေသော ရုပ်ထုအစိတ်အပိုင်းမျသာဖြစ်ပြီး တူးဖော်လိုက်ပါက အောက်ဘက်ပိုင်းတွင် ဧရာမကိုယ်ထည်တစ်ခုပါ ထွက်ပေါ်လာကြောင်း အံ့ဖွယ်တွေ့ရှိရမည်ဖြစ်သည်။ 'Art within Art' ဆိုသည့်အတိုင်း ထိုကိုယ်ထည်ပိုင်း၏ ကျောဘက်တွင်မူ အသေးစိတ်ထွင်းထုထားသော ကျောက်ဆစ်ကနုတ်များကို ထင်ရှားစွာရှာဖွေတွေ့ရှိခဲ့ရပါသည်။ ထို့ကြောင့် အီစတာကျွန်းကို လေ့လာနေသူပညာရှင်များအဖို့ ယခင်မေးခွန်း၏အဖြေများကို ရှာဖွေတွေ့ရှိခြင်းမရှိသေးပဲ အသစ်အသစ်သော ပဟေဠိများသာ ဆက်လက်ရှာဖွေတွေ့ရှိခဲ့ပါကြောင်းနှင့်.......
# မွိုင် ခေါ် ဧရာမ ကျောက်ဆစ်ရုပ်ထုကြီးတွေကို ဘယ်လိုသယ်ဆောင်ထွင်းထုပြီး အဘယ်အကြောင်းကြောင့် ကိုယ်ထည်တွေဟာ မြေကြီးအောက်ရောက်ခဲ့ရပါသလဲ?
# ပိုလီနီးရှန်း လူမျိုးစုတွေရဲ့ ဗိသုကာလက်ရာဟာ အေဒီ ၁၅၀၀ မတိုင်မီနှစ်များကတည်းက ဘယ်လိုဖြစ်ပြီး အဲ့ဒီလောက်ခေတ်လွန်နေခဲ့ရတာလဲ?
# သုံးထပ်တိုက်လောက် အမြင့်ရှိနေတဲ့ မွိုင်တွေက ကျွန်းသူကျွန်းသားတွေရဲ့ လက်ရာမဟုတ်ပဲ အခြားဂြိုလ်ကမ္ဘာကလာတဲ့ ဂြိုလ်သားတွေရဲ့ လက်ရာလေလား?
# လူအများတွေးထင်နေကြသလို အီစတာကျွန်းဟာ ကမ္ဘာမြေကြီးတစ်ခုရဲ့ ရေပေါ်တင်ကျန်ခဲ့တဲ့ အစိတ်အပိုင်းတစ်ခု သက်သက်လား?
ဆိုတဲ့ ပဟေဠိများ၏ အဖြေကိုမူကား အီစတာကျွန်းပတ်ပတ်လည်တွင် ပင်လယ်ဘက်သို့မျက်နှာမူလျက်ရှိသော မွိုင်ရုပ်ထုကြီးများမှလွဲ၍ အခြားသူများအဖို့ အံ့ဖွယ်ပုစ္ဆာတစ်ပုဒ်အဖြစ် ကျန်ရှိနေဦးမည် ဖြစ်ပါကြောင်း.......
Translated by #DrAung
--------------------
No comments:
Post a Comment