ဘုရားနှင့် စပ်လျှင် သဘာဝကျဖို့
°°••°°••°°••°°••°°••°°••°°••°°••°°
တစ်နေ့တုန်းက ဒကာ တစ်ယောက်က လာလျှောက်တယ်။ သူတို့ စကားဝိုင်းတစ်ခု ဖြစ်ကြသတဲ့၊ အဲဒါက ဘာလဲ ဆိုရင် ''ရိုးရိုးဖြောင့်ဖြောင့် လူတစ်ယောက်-ရှေးဆန်ဆန် လူတစ်ယောက် ပေါ့လေ,အဲဒီလို လူမျိုးနဲ့ ခေတ်အမြင် မြင်တဲ့ လူတစ်ယောက် ဘုရားကို ကိုးကွယ်တဲ့ နေရာမှာ ဘယ်သူက ပိုပြီး အကျိုး ရနိုင်သလဲ'' ဆိုတဲ့ ပြဿနာတဲ့၊ လာပုံက အဲလို၊ လူတွေက ခက်တယ်၊ သူတို့အကြောင်းကို မစဉ်းစားရင်တောင် ကောင်းတယ် ။ပြောလို့လည်း နားမလည် နိုင်ကြဘူး။ ပြီးတော့ လုပ်ချင်တာ လုပ်နေကြတာပဲ၊ ဘုရားနဲ့ ပတ်သတ်လာရင် ဘုန်းကြီး က ဘုရား ဘက်က မခံနိုင်ဘူး။
ဆွမ်းကပ် တဲ့ ကိစ္စ တစ်ခု ကိုပဲကြည့်ပါ၊....ဘုရား ကို ဆွမ်းတော် တင်တာတဲ့၊ အိမ်မှာချက်တဲ့ ဟင်း ၂မျိုး, ၃မျိုး လောက်ကို ဇွန်းဖျားကလေးနဲ့ နည်းနည်းစီ ကော်ထည့်တယ်။ ပန်းကန်ပြား သေးသေးလေး ထဲမှာ ဆွမ်းကလေး နည်းနည်း ပုံ့ပုံ့ကလေး ထည့်ထားတယ်။ အဲဒီအပေါ်မှာ ဟင်းရည်စက် ကလေးတွေ နည်းနည်း လိုက်ဖြူးတယ်။ ပြီးတော့ ဟင်းဖတ်ကလေး သေးတာကို ရွေးပြီး အပေါ်ကပုံတယ်။ နတ်တင်တာနဲ့ ဘယ်လောက် တူသလဲဆို၊....
ဒါ...အိမ်မှာမို့ ဟင်း ၂မျိုး, ၃မျိုးတည်း ချက်တာမို့ အပေါင်းအစပ် နည်းတာ၊ ဘုန်းကြီး ကျောင်းမှာဆိုရင် ဟင်းခွက်ပေါင်း ၃၀, ၄၀ လောက်ဆိုတော့ ပိုဆိုးတာပေါ့။ အမျိုးအမည် စေ့အောင် ဇွန်းဖျားကလေးနဲ့ လိုက်ကော် ထည့်နေတာ ဗွက်ပေါက်လို့ စားချင်စရာတောင် မရှိတော့ဘူး။ အဘွားအို တစ်ယောက်ကတော့ ပြောသတဲ့ ဆွမ်းတော်တင်ဖို့ ပြင်နေတဲ့ သူ့မြေးကလေးကို ''ဟဲ့ ..ဟဲ့..ဘုရားဆိုတာ တကယ်စားတာ မဟုတ်ဘူး, နည်းနည်းထည့်တဲ့''၊.. သူက ဘုရားကို အဲဒီလိုမြင်တာ။
တောက ဘုန်းကြီး ကျောင်းတစ်ကျောင်း မှာတော့ တစ်မျိုး, ကျောင်းသား ကြီး တစ်ယောက်က ဆွမ်းတော်တင် ဖို့ ဆွမ်းကောက် နေသတဲ့။ လင်ပန်းကြီးနဲ့ ဆွမ်းဇလုံ ကြီးကြီးထဲမှာ ဆွမ်းတွေလည်း အများကြီး, ဟင်းတွေလည်း အများကြီး ကော်ခပ် ထည့်နေတာကိုး။ ဒီတော့ ကျောင်းကို ရောက်လာတဲ့ ဒကာကြီး တစ်ယောက်က ပြောတာပေါ့၊ '' ဟ..မင်း ဆွမ်းတော်တင် တာလည်း များလှချည်လားကွ'' လို့ ဆိုတော့ ကျောင်းသားကြီးက ပြောပြသတဲ့ ၊ ''ခွေးတွေက အများကြီးဗျ'' တဲ့၊..သူဆိုလိုတာ ကတော့ ..ကျောင်းခေါင်းရင်း ကျက်သရေ ခန်း(ဘုရားခန်း) ထဲက ဘုရား ရုပ်ထုတော်တွေကို ဆွမ်းကပ်ပြီးရင် ပြန်စွန့်မယ်။ စွန့်ပြီးရင် ကျောင်းမှာ မွေးထားတဲ့ ခွေးတွေ ဆယ့်လေးငါးခြောက်ကောင်ကို ကျွေးမယ်၊ ကျွေးတဲ့အခါ ဝလောက်အောင် မှန်းပြီး ဆွမ်းတွေကို အများကြီး ကောက်သည်ဟု ဆိုလိုတာ ၊အဲဒီလို သူတို့ မြင်ကြတာက တော်တော် ခက်တယ်။
ရေတို့, ပန်းတို့ လှူတဲ့ နေရာမှာလည်း သဘာဝကျဖို့ အလွန်လိုပါတယ်။ တစ်ချို့က ဘုရား ကို ကြည်ညိုလှ ပါတယ် ဆိုပြီး ပန်းတွေကတော့ အများကြီးပါပဲ။ ဘုရား ရှေ့မှာ ပန်းအိုးတွေ ပြည့်လို့ ညပ်လို့ စီလို့၊ ဘုရား ကသေးသေးဆိုရင်..ပန်းအိုးတွေနဲ့တောင် ကွယ်နေ တတ်သေးတယ်။ သက်တော်ထင်ရှား ဘုရား သာဆိုရင် အမိန့်ရှိမှာ ''မင်းတို့ဟာတွေက လည်းကွာ ရှုပ်နေတာပဲ၊ ငါသွားလို့ လာလို့တောင် မရတော့ဘူးလို့''၊.. သည်တော့ ''ပန်းလှူတယ် ဆိုတာ ဘုရားရှေ့ တည့်တည့်မှာ သွားချလို့ ဘယ်တော်မှာလဲ ၊ဘုရားနဲ့ ခပ်စောင်းစောင်း မနီးမဝေး လွတ်လွတ် နေရာမှာ ထားဖို့ ကောင်းတာပေါ့၊ ရေလည်း ဒီအတိုင်းပဲ ပေါ့။
မီးပူဇော်တဲ့ လူတွေကိုလည်း ပြောစရာ အများကြီးပဲ၊ မီးပူဇော်တယ် ဆိုတာမှောင်တဲ့ အခါမျိုးမှာ အလင်းရောင် ရအောင်လို့ ပူဇော်ရတာ၊ ခုတော့ မဟုတ်ကြဘူး၊ နေအလင်းရောင် ရနေတဲ့ အချိန်ကြီး မှာလည်း ဆီမီးတိုင်တွေ ထွန်းတော့တာပဲ။ ကဲ...စဉ်းစားသာ ကြည့်ကြစမ်းပါ။ နွေကာလကြီးမှာ အလိုလိုမှ ပူအိုက်ရတဲ့ အထဲ နေအလင်းရောင်လည်း ရနေတဲ့ အချိန်ကြီးမှာ မီးပူဇော်ကြသတဲ့။ ''ပူပါတယ်'' ဆိုတဲ့ အခါမျိုးမှာ ကိုယ့်အနားလာပြီး မီးစကြီးချရင် ကြိုက်နိုင်ပါ့မလား၊ ဗေဒင်ဆရာက ဟောတိုင်း လျှောက်လုပ် နေကြတာ၊ ဗေဒင် ဆရာက ဘုရား ကို ဆီမီးသက်စေ့ ပန်းသက်စေ့ လှူပြီး ယတြာချေ ရမတဲ့ ဆိုလို့ ကြောက်ကြောက်နဲ့ အချိန်အခါ ဟုတ်သည်-မဟုတ်သည်ကို မရွေးနိုင်ပဲ လျှောက်လုပ် နေမိကြတာ တန်ခိုးကြီး ဘုရား စေတီတွေမှာ ပိုပြီးများများ တွေ့နိုင်ပါတယ်။
ဒီတော့ ပြောချင်တာက ''ဘုရား ကို ဘုရား လို မြင်ကြစမ်းပါ၊ အရုပ်လို မမြင်ကြ စမ်းပါနဲ့လို့ ရုပ်တုတော် ဖြစ်ပေမယ့်လို့ အသက်ရှိ နေသလို မြင်ကြစမ်းပါ'' လို့ ဆိုချင်ပါတယ်။ စိတ်က သက်တော်ထင်ရှား ဘုရား ကိုယ်တော်မြတ် တိုင်အောင် အာရုံယူ ကြစမ်းပါလို့ ပြောချင်ပါတယ်။ အဲဒီလို မြင်လာနိုင်မှ ဆွမ်းကပ်တဲ့အခါ အသက်ရှိတဲ့ ဘုရား ကို ကပ်လှူ နေရသလို ,ပူဇော် နေရသလို မြင်လာ နိုင်ပါမယ်တဲ့၊ ဒီအခါမှာ ပန်းကန်ပြား သေးသေးလေး နဲ့ ဆွမ်းကလေး နည်းနည်းပေါ်မှာ ဟင်းဖတ် ကလေးတွေ ပုံပြီး နတ်တင်သလို ပြုတဲ့ အလေ့ကို ဘယ်လိုဆိုတာ မြင်လာပါလိမ့်မယ်။
ဒီတော့ ဆွမ်းတော်တင် ရင် နည်းနည်းလေး မလုပ်ပါနဲ့။ တစ်ပါးစာ ဝလောက်အောင် ပန်းကန်ပြား ထဲ မောက်မောက်ဖြိုးဖြိုး ထည့်ပါ၊ ဟင်းကိုလည်း မစုံချင် နေပါစေ၊နှစ်ခွက် သုံးခွက်လောက်နဲ့ ဝလောက်အောင် အနေအထား မျိုး လှလှပပ ပြင်ပါ၊ ရေကိုလည်း ဖန်ခွက် အကြီးစားနဲ့ အပြည့်အလျှံ ထည့်၍ လှူပါ။ လက်တစ်ဆစ်လောက် ခွက်ကလေးနဲ့ မလုပ်ပါနဲ့။.. လှူဒါန်း ထားတဲ့ ဆွမ်းပွဲက များလွန်းလို့ မစွန့်ပစ်နိုင်လျှင် ဝေယျာဝစ္စ ပြုသူဟာ သုံးစွဲ ကောင်းတာပဲ၊ အချိန်ကုန်တဲ့အခါ စွန့်ပြီး စားကြပေါ့၊ စားနိုင်ပါတယ်, စားကောင်းပါတယ်၊ အဲဒီလို ဘုရား ကို အသက် ရှိတဲ့ အမြင် မျိုးနဲ့ မြင်ကြစမ်းပါ။
ဘုရား ကိုးကွယ် တဲ့နေရာမှာ ရှေးရိုးကျတဲ့ လူပဲဖြစ်စေ ၊ခေတ်အမြင်ရှိတဲ့ လူပဲဖြစ်စေ အသက်ရှိသလို မြင်ပါစေ။ သဘာဝကျကျ မြင်ပါစေ။ သက်တော်ထင်ရှား ဘုရား ကိုတိုင်အောင် စိတ်ကရောက်မှ သဘာဝကျမယ်။ ဒီတော့ မှလည်း လှူဒါန်း ပူဇော်ရတဲ့ ကုသိုလ် စေတနာ တွေဟာ..တကယ် သက်တော်ထင်ရှား ဘုရား အစစ်ကို လှူနေရသလို ဖြစ်မယ်။
အဲဒီလို စေတနာ သဒ္ဓါ တရားတွေ ထက်သန်လာပြီးဆိုရင် တဲ့'' တိဋ္ဌန္တေ နိဗ္ဗုတေ စာပိ, သ မေလ စိတ္တေ သမံ ဖလံ'' လို့ အဆိုရှိတယ်၊ သက်တော်ထင်ရှား ဘုရား အပေါ်မှာပဲ ဖြစ်ဖြစ်, ပရိနိဗ္ဗာန် စံပြီးဖြစ်တဲ့ ဘုရား (ရုပ်တု တော် စေတီတော်များ) အပေါ်မှာပဲ ဖြစ်ဖြစ် စေတနာ သဒ္ဓါတရားချင်း တူကြပြီးဆိုရင် အကျိုးပေးလည်း တူတော့တာပဲတဲ့ ၊ အကျိုးရချင်း တူတယ်တဲ့။
အဲဒါကြောင့် သဘာဝကျအောင် သိကြစမ်းပါလို့...ပြောပြောနေရတာ။ ရုပ်ပုံတော် လောက်သာ စိတ်ကရပ်နေရင် အကျိုးမရဘူးလို့တော့ မဆိုလိုပါဘူး၊ ကုသိုလ် တော့ဖြစ်တာပေါ့။ ရသင့်သလောက် မရဘူး ဖြစ်နေတယ်။ ဒါတွေကို စုပေါင်းပြီး ကောက်ချက် ချလိုက်ရင် '' ဘုရားရုပ်တုတော်တွေကို ပူဇော်ကြတာချင်း တူပေမယ့် စိတ်ထား စေတနာထားပေါ် မူတည်ပြီး အကျိုးရ အနည်းအများ ဖြစ်ကြတာပဲ'' လို့ သိနိုင်တာပေါ့။
အရှင်ဇနကာဘိဝံသ (မဟာဂန္ဓာရုံ)
နံနက်ခင်း သြဝါဒများ
No comments:
Post a Comment