ဆရာတော်ဘုကြီးများ အမြဲရွတ်ဖတ်နေသော အစွမ်းထက်ဂါထာတော်များ
+++++++++++++++++++++
မြင်ကွန်းမင်းသားကြီးအား အုတ်ဖိုဆရာတော်ဘုရားကြီး ပေးသော ဂါထာ
အုတ်ဖိုဆရာတော်ဘုရားကြီး ဘဒ္ဒန္တဥက္ကံဝံသမာလာသည် ဒွါရဂိုဏ်း (၀ါ) ဒွါရသာသနာကို စတင်ခဲ့သော အရှင်မြတ်ကြီးဖြစ်သည်။ ဆရာတော်ကြီးသည် ၀ိနည်းသိက္ခာပုဒ်တော်များကို တင်းတင်းကျပ်ကျပ်လိုက်နာ၍ စောင့်စည်းတော်မူသည်။ သာမန်လူတန်းစားတို့က ပင့်လျှောက်လာလျှင် အခါနေရာမရွေး ကြွရောက်၍ တရားဓမ္မတို့ကို ဟောကြားချီးမြှင့်လေ့ရှိသည်။ မင်းစိုးရာဇာတို့နှင့် အကျွမ်းတ၀င် ဆက်ဆံရန် အလွန်ဝန်လေး တော်မူသည်။
ဆရာတော်ကြီးသည် ၁၁၇၉-ခုနှစ် တပေါင်းလဆန်း ၅-ရက်၊ တနင်္ဂနွေနေ့၌ ဟင်္သာတခရိုင်၊ သာရဝေါမြို့ ကလေးမှ နှစ်မိုင်ကွာသော ရွာကလေး၌ ဖွားမြင်တော်မူသည်။ ခမည်းတော် ဦးရွှေပန်း၊ မယ်တော် ဒေါ်လေးတို့ ဖြစ်ကြသည်။ ဟင်္သာတမြို့ ရန်ကုန်မြို့တို့ရှိ ဆရာတော်ကြီးများထံမှသာမက အမရပူရ ဗားကရာဆရာတော်ကြီး၊ အင်းဝ-မြသိန်းတန် ဆရာတော်ကြီး၊ စစ်ကိုင်း ထူပါရုံဆရာတော်ကြီးများထံတွင် ပရိယတ္တိစာပေများကို သင်ယူခဲ့သည်။ မြန်မာပါဠိဘာသာတို့ကိုသာမက သက္ကတဘာသာကိုပါ ကောင်းစွာ တတ်ကျွမ်းသည်။ မင်းတုန်းမင်းကြီးက မန္တလေးမြို့တွင် သီတင်းသုံးရန် လျှောက်ထားသော်လည်း လက်မခံခဲ့။ ထိုစဉ်က အောက်မြန်မာနိုင်ငံကို နယ်ချဲ့အင်္ဂလိပ်တို့ သိမ်းပိုက်ထားရာ သာသနာရောင် မှေးမှိန်သော အောက်ပြည်၊ အောက်ရွာသို့ကြွ၍ ကြိုးစားပမ်းစားပင် သာသနာပြုတော်မူသည်။ အုတ်ဖို (ယခု အင်္ဂပူမြို့) သို့ ပြောင်းရွှေ့သီတင်းသုံးသည်မှစ၍ အုတ်ဖိုဆရာတော်ဟု ထင်ရှားခဲ့သည်။
ဆရာတော်ကြီးသည် ၁၂၄၂-ခုနှစ်တွင် အိန္ဒိယနိုင်ငံ၊ ဗုဒ္ဓဂယာသို့၎င်း၊ ၁၂၄၉-ခုနှစ်တွင် သီရိလင်္ကာသို့၎င်း ဘုရားဖူးကြွရောက်တော်မူခဲ့သည်။
ဆရာတော်ကြီးသည် ကျမ်းပေါင်း ၁၀၀-ကျော် ပြုစုခဲ့သည်။ မေတ္တာစာ အမျိုးမျိုး၊ ရတုကဗျာ အမျိုးမျိုးတို့ကိုလည်း ရေးသားပြုစုတော်မူခဲ့သည်။
ဆရာတော်ကြီးသည် ၁၂၆၇-ခုနှစ် တပေါင်းလဆုတ် ၂-ရက်နေ့ သက်တော် ၈၈-နှစ်တွင် ပျံလွန်တော်မူခဲ့သည်။
၁၂၄၂-ခုနှစ်က အိန္ဒိယပြည်၊ ဗုဒ္ဓဂယာသို့ ကြွရောက်ဖူးမြော်၍ အပြန်တွင် ဆရာတော်ကြီးသည် သင်္ဘောစီးရန် ကာလကတ္တားမြို့၌ ခေတ္တစောင့်ဆိုင်းနေတော်မူသည်။ ထိုအချိန်၌ မြင်ကွန်းမင်းသားကြီးသည် ဗာရာဏသီမြို့တွင် အကျယ်ချုပ်ဖြင့်နေရစဉ် အုတ်ဖိုဆရာတော်ကြီး အိန္ဒိယသို့ ကြွလာတော်မူသည်ကို ကြားသိရသဖြင့် အကြီးတော်တယောက်ကို စေလွှတ်လျှောက်ထားစေသည်။
တပည့်တော်သည် ယခုအခါ သွားလိုရာသို့ မသွားရ၊ နေလိုရာ၌ မနေရ၊ အလွန်ကျပ်တည်းလှပါသောကြောင့် အရှင်ဘုရားထံ ကိုယ်တိုင်လာရောက်၍ ရှိမခိုးနိုင်ပါ။ အရှင်ဘုရားကဲ့သို့သော သီလ၊ သမာဓိ၊ ပညာနှင့် ပြည့်စုံသည့် အရှင်မြတ်များကို ရှိခိုးရပါက အချုပ်အနှောင်မှ လွတ်ကင်းလိမ့်မည်ဟု နှလုံးပိုက်မိပါသည်။ ထို့ကြောင့် အရှင်မြတ်ဘုရား၊ တပည့်တော်ထံ ကြွလာတော်မူ၍ ရှိခိုးပူဇော်ခြင်းကို ခံယူတော်မူပါဘုရား-ဟု ပင့်လျှောက်စာနှင့်တကွ ပင့်လျှောက်လာသည်။
ထိုအခါ ဆရာတော်ကြီးက ယခုအခါ မြန်မာပြည်သို့ပြန်ရန် တပည့်အပေါင်းနှင့်တကွ သင်္ဘောလက်မှတ်များယူပြီး ဖြစ်၍ ဆရာ မလိုက်နိုင်ပြီ။ ဆရာ့ကို ရှိမခိုးရသော်လည်း ကျဉ်းမြောင်းခြင်း၊ အချုပ်အနှောင် ခံရခြင်းတို့မှ လွတ်ကင်းချမ်းသာအောင် ဆရာက ဘုရားဟောဂါထာကို ပေးလိုက်မည်။ ယင်းဂါထာကို နေ့ညဥ့်မပြတ် ရွတ်ဖတ်သရဇ္ဈာယ်လေ-ဟု လနတ်သား၊ နေနတ်သားတို့ ဘုရားရှင်ကို ရှိခိုးရွတ်ဆိုသော နမော တေ- ဂါထာ-ကို ရေးသားပေးတော်မူလိုက်လေသည်။
မြင်ကွန်းမင်းသားကြီးလည်း နမော တေ-ဂါထာကို မပြတ်ရွတ်ဖတ်သရဇ္ဈာယ်လေသောကြောင့် အကျယ်ချုပ်ထားရာ ဗာရာဏသီမြို့မှ ထွက်မြောက်နိုင်၍ ထိုစဉ်က ပြင်သစ်အစိုးရပိုင် ချန်တာနဂိုရ်မြို့သို့ ရောက်လေသည်။ ချန်တာနဂိုရ်မှ တဖန် ပြင်သစ်ပိုင် ကွန်ဟီချာရီမြို့၊ ထိုမှတဖန် ယိုးဒယား (ထိုင်း)၊ ထိုမှတဖန် ပြင်သစ်ပိုင် ဆေးဂုံမြို့သို့ ရောက်သည်။ ထိုမြို့၌ပင် နေထိုင်၍ သက်တော် ၇၈-နှစ်တွင် ကွန်လွန်လေသည်။
( နမော တေ ဂါထာ )
နမော တေ ဗုဒ္ဓ ၀ီရတ္ထု၊ ၀ိပ္ပမုတ္တောသိ သဗ္ဗဓိ။
သမ္ဗာဓပ္ပဋိပန္နောသ္မိ၊ တဿ မေ သရဏံ ဘ၀။
( မျန်ကန်တိကျစွာ အသံထွက်နည်း )
နမော တေ ဗုတ်ဓ ၀ီရတ်ထု၊ ၀ိပ်ပမုတ်တောသိ သတ်ဗဓိ။
သမ်ဗာဓပ်ပဋိပန်နောသမိ၊ တတ်သ မေ သရဏံ ဘ၀။
( အနက် မြန်မာပြန်)
ကြီးမြတ်သော လုံ့လ၀ီရိယ ရှိတော်မူသော ရှင်တော်မြတ်ဘုရား။
ရှင်တော်မြတ်ဘုရားအား ရှိခိုးခြင်း ဖြစ်ပါစေသတည်း။ (၀ါ) ရှိခိုးပါ၏ဘုရား။
ရှင်တော်မြတ်ဘုရားသည် ကိလေသာစသော ဒုက္ခအနှောင်အဖွဲ့ အားလုံးတို့မှ အပြီးတိုင် လွတ်မြောက်တော်မူပေ၏။
ဘုရားတပည့်တော်သည် အကျဉ်းအကျပ်သို့ ရောက်၍နေရသည် ဖြစ်ပါ၏။
ရှင်တော်မြတ်ဘုရားသည် အကျဉ်းအကျပ်ရောက်၍နေသော ဘုရားတပည့်တော်၏
ကိုးကွယ်လဲလျောင်း ပုန်းအောင်းမှီခိုရာ ဖြစ်တော်မူပါ။
အကိုး။ ။ (၁) မြန်မာ့စွယ်စုံကျမ်း အတွဲ ၁၅။ (၂) အံ့ဖွယ်အုတ်ဖိုဆရာတော်ကြီးနှင့် အံပဖွယ် နမော တေ ဂါထာ။
(တသက်လှ ပခုက္ကူ)
မင်းဉာဏ်ဝေ
( မြတ်မင်္ဂလာ ၂၀၀၉-ခု ဒီဇင်္ဘာလ)
ရသေ့ကြီးဦးခန္တီ၏ လက်စွဲဂါထာ
ယခင်လက ရသေ့ကြီးဦးခန္တီ၏ လက်စွဲဂါထာတပုဒ်ဖြစ်သော "အရဟံ ဗဟိအန္တဇယံ သုဂတံ"-ချီ ဂါထာကို တင်ပြခဲ့ပါသည်။ ယခု သူ၏လက်စွဲဂါထာဖြစ်သော "ဒိဝါတပတိ အာဒိစ္စော"-ဂါထာကိုတင်ပြလိုပါသည်။ နာမည်ကျော် ဗောဒင်လက္ခဏာဆရာကြီး ဆရာစန္ဒြက သူ၏ ဘ၀ခရီးနှင့် အတွေ့အကြုံများ-စာအုပ်တွင် ယခုဖော်ပြသော ဂါထာအကြောင်း တင်ပြထားသည်။ အလွန်စိတ်ဝင်စားဖွယ်ကောင်းသည်။
ဆရာစန္ဒြက ရသေ့ကြီးဦးခန္တီ ရွှေဖြစ်သည်ဟု ကျော်ကြားခဲ့သည်။ ထိုသို့ ကျော်ကြားလာသောအခါ ထိုခေတ် ရန်ကုန်မြို့ရှိ ရဲမင်းကြီး စကော့ဆိုသူက တနေ့သောအခါ မန္တလေးသို့လာ၍ ရသေ့ကြီးထံ စုံစမ်းသည်။
သူသည် ရဲမင်းကြီးဖြစ်ကြောင်း၊ ရသေ့ကြီး ဦးခန္တီသည် ရွှေဖြစ်သည်ဟုကြားရ၍ ဟုတ်-မဟုတ် သိပါရစေ-ဟု လျှောက်ထားသည်။ ထိုအခါ ရသေ့ကြီးက ရွှေဖြစ်ပါသည်-ဟု ပြောသည်။ ထိုအခါ ဖြစ်ခဲ့လျှင် တပည့်တော်အား လက်ငင်းပြပါ-ဟု ရဲမင်းကြီးက တောင်းပန်သည်။
ထိုအခါ ရသေ့ကြီးဦးခန္တီသည် သူ၏တပည့်များအား လင်ပန်းသုံးချက်ကို ပြောင်နေအောင်ဆေးစေပြီးလျှင် အ၀တ်နှင့်သုတ်ပြီးနောက် ဘုရားစင်ရှေ့နားရှိ ပလ္လင်အောက်တွင် ထားသည်။ ရသေ့ကြီး ဦးခန္တီသည် ဘုရားရှေ့တော်သို့သွား၍ ဒိဝါတပတိ အစရှိသော ဘုရားရှိခိုးဂါထာကို သစ္စာပြုဂါထားများနှင့် ရှိခိုးပူဇော်သည်။ နာရီဝက်လောက်အကြာ ရှိခိုးပူဇော်ပြီး ကြေးစည်ကို သုံးချက်တိတိရိုက်၍ အမျှပေးသည်။ သာဓုခေါ်သည်။
ထို့နောက် ရဲမင်းကြီးနားလာ၍ ယခင်နေရာသို့ပြန်၍ ထိုင်နေတော်မူသည်။ နာရီဝက်လောက်ကြာသောအခါ အရပ်ရပ် အရွာရွာမှ များလှစွာသော ဘုရားဖူးများ မန္တလေးတောင်သို့ ရောက်လာကြသည်
သူတို့သည် ရသေ့ကြီးရှိသော ဘုရားရှေ့သို့ ရောက်သောအခါ ဘုရားရှေ့တော်တွင်ထားသော လင်ပန်းသုံးချပ်ထဲသို့ ဘုရားဖူးများက အချို့ လက်စွပ်များချွတ်၍ လှူသည်။ အချို့ လက်ကောက်များချွတ်၍ လှူသည်။ အချို့ ဆွဲကြိုးကြီးများကို ချွတ်၍ လှူသည်။ ထိုအခါ ရဲမင်းကြီးထိုင်နေသော အချိန် ၁-နာရီလောက်အတွင်းတွင်ပင် လင်ပန်းသုံးချပ်ထဲ၌ ရွှေတွေမောက်နေအောင် ရသည်။
ထိုအခါမှ ရသေ့ကြီးက သူ-ရွှေဖြစ်သည်ဆိုသည်မှာ သည်နည်းပင် ဖြစ်ပါသည်-ဟု ပြောပြသည်။ ထိုအခါ ရဲမင်းကြီးသည် ဦးခန္တီအား အလွန်ကြည်ညိုစွာ ရှိခိုးပြီးနောက် မည်သည့်ကိစ္စမဆို ရဲအဖွဲ့က အကူအညီပေးပါမည်-ဟု ကတိပြုပြီးလျှင် ရန်ကုန်သို့ပြန်သွားသည်-ဟူ၍ ရေးသားဖော်ပြထားသည်။
ဒိဝါတပတိ ဂါထာမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
( ပါဠိဂါထာ)
ဒိဝါတပတိ အာဒိစ္စော၊ ရတ္တိမာ ဘာတိ စန္ဒိမာ။
သန္နဒ္ဓေါ ခတ္တိယော ဘာတိ၊ ဈာယီ တပတိ ဗြာဟ္မဏော။
အထ သဗ္ဗ မဟောရတ္တိံ၊ ဗုဒ္ဓေါ တပတိ တေဇသာ။
တာဒိသံ တေဇသမ္ပန္နံ၊ ဗုဒ္ဓံ ၀န္ဒာမိ အာဒရံ။
နမက္ကာရာနုဘာဝေန၊ သဗ္ဗေ ပူရေန္တု သင်္ကပ္ပါ။
( မှန်ကန်တိကျစွာ အသံထွက်နည်း )
ဒိဝါတပတိ အာဒိတ်စော၊ ရတ်တိမာ ဘာတိ စန်ဒိမာ။
သန်နတ်ဓော ခတ်တိယော ဘာတိ၊ ဈာယီ တပတိ ဗြာန်မဏော။
အထ သတ်ဗ မဟောရတ်တိန်၊ ဗုတ်ဓော တပတိ တေဇသာ။
တာဒိသံ တေဇသန်ပန်နံ၊ ဗုတ်ဓံ ၀န်ဒါမိ အာဒရံ။
နမက်ကာရာ နုဘာဝေန၊ သတ်ဗေ ပူရင်တု သင်ကပ်ပါ။
( အနက်အဓိပ္ပါယ် )
နေမင်းသည် နေ့အခါ၌သာ ထွန်းလင်းတောက်ပ၏။
လမင်းသည် ညအခါ၌သာလျှင် ထွန်းလင်းတောက်ပ၏။
ပြည့်ရှင်မင်းသည် မင်းမြောက်တန်ဆာငါးပါး ၀တ်ဆင်မှသာ တင့်တယ်၏။
ရဟန္တာအရှင်မြတ်တို့သည် ဈာန်ဝင်စားမှသာ တင့်တယ်၏။
မြတ်စွာဘုရားသော်ကား နေ့ညပတ်လုံး တန်ခိုးတော်ဖြင့် တင့်တယ်ပေသည်တကား။
ထိုသို့ တန်ခိုးတော်ဖြင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားကို တပည့်တော် ရိုသေစွာ ရှိခိုးပါ၏ဘုရား။
ဤသို့ ရှိခိုးရသော အကျိုးကြောင့် ကြံကြံသမျှ တောင့်တအရာရာ အဖြာဖြာတို့သည် လျင်မြန်စွာ ပြည့်စုံပါစေသတည်း။
မင်းယုဝေ
(မြတ်မင်္ဂလာ ၂၀၀၉-ခု သြဂုတ်လ)
တိပိဋကဓရ မင်းကွန်းဆရာတော်ကြီး လက်စွဲပြုသော ခရီးသွားဂါထာ
တိပိဋကဓရ မင်းကွန်းဆရာတော်ဘုရားကြီး အရှင်ဝိစိတ္တသာရာဘိဝံသသည် သာသနာ့အာဇာနည် ရဟန်းထူး၊ ရဟန်းမြတ်တပါး ဖြစ်သည်။
ဆရာတော်ကြီးသည် ပထမဦးဆုံး ပေါ်ထွက်ခဲ့သော တိပိဋကဓရ၊ တိပိဋကကောဝိဒ ဘွဲ့တံဆိပ်ရ အရှင်မြတ်ဖြစ်သည်။ ၁၉၅၃-ခုနှစ် သက်တော် ၄၂-နှစ်၊ သိက္ခာတော် ၂၂-၀ါတွင် တိပိဋကစာမေးပွဲကြီးကို အောင်မြင်တော်မူခဲ့သည်။
ဆရာတော်ကြီးသည် မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ကျည်းပင်ရွာဇာတိ ဖြစ်သည်၊ ခမည်းတော်မှာ သူကြီးဦးဆုံ၊ မယ်တော်မှာ ဒေါ်ဒေါ်ဆင် ဖြစ်သည်။ ၁၂၇၃-ခုနှစ် တန်ဆောင်မုန်းလဆန်း ၁၁-ရက် ဗုဒ္ဓဟူးနေ့ (၁-၁၁-၁၉၁၁) တွင် ဖွားမြင်တော်မူသည်။
ဆရာတော်လောင်းလျာသည် အသက် ၇-နှစ်အရွယ်တွင် ရှင်သာမဏေပြုသည်။ ထို့နောက် ၁၂၉၂-ခုနှစ်တွင် ရဟန်းပြုတော်မူသည်။ သက်တော် ၆၈-နှစ် (၁၉၇၉)တွင် အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်နှင့် သက်တော် ၇၃-နှစ် (၁၉၈၄)တွင် အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်တို့ကို ဆက်ကပ်ခံရသည်။ သက်တော် ၈၀-ပြည့် (၁၉၉၁)တွင် အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဘွဲ့တံဆိပ်တော်ကို ဆက်ကပ်ခံရပြန်သည်။ သက်တော် ၈၁-နှစ်အရောက် ၁၃၅၄-ခုနှစ် (၁၉၉၃)တွင် ဘ၀နတ်ထံ ပျံလွန်တော်မူခဲ့သည်။
ဆရာတော်ကြီးပြုစုခဲ့သော ကျမ်းများတွင် မဟာဗုဒ္ဓ၀င် ကျမ်းကြီးသည် ထင်ရှားကြီးကျယ်ခိုင်ခံ့လှသည်။ အတွဲပေါင်း ၆-တွဲ (အုပ်ရေရှစ်အုပ်) ရှိသည်။ ယင်းကို ဆရာကြီးဦးကိုလေး (ဇေယျာမောင်)က အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုခဲ့သည်။
ဆရာတော်ကြီးသည် ပြည်ပနိုင်ငံများက ပင့်ဖိတ်ရာတွင် လိုက်ပါခြင်းမပြုခဲ့ပေ။ သို့ရာတွင် ပြည်တွင်း၌မူ ကုန်းလမ်း၊ ရေလမ်း၊ လေလမ်းခရီးများဖြင့် ကြွရောက်၍ မြို့နယ်၊ ကျေးရွာအနှံ့ သာသနာပြုတော်မူခဲ့သည်။
အောက်ပါဂါထာမှာ ခရီးမထွက်ခွါမီ ဆရာတော်ကြီး အစဉ်ရွတ်ဆိုသော ဂါထာဖြစ်သည်ဟု အဆိုရှိပါသည်။
(ပါဠိ)
(၁) ဘ၀သောတံ ဟဝေ ဗုဒ္ဓေါ၊ တိဏ္ဏော လောကန္တဂူ ၀ိဒူ။
ဧတေန သစ္စ၀ဇ္ဇေန၊ ဂနမံ မေ သမိဇ္ဈတု။
(၂) ယဒိ သန္တိဂမော မဂ္ဂေါ၊ မောက္ခော စစ္စန္တိကံ သုခံ။
ဧတေန သစ္စ၀ဇ္ဇေန၊ ဂနမံ မေ သမိဇ္ဈတု။
(၃) သံဃော ဝေ တိဏ္ဏကန္တာရော၊ ပုညက္ခေတ္တော အနုတ္တရော။
ဧတေန သစ္စ၀ဇ္ဇေန၊ ဂနမံ မေ သမိဇ္ဈတု။
( တိကျမှန်ကန်စွာ အသံထွက်နည်း)
(၁) ဘ၀သောတံ ဟဝေ ဗုတ်ဓော၊ တိန်ဏော လောကန်တဂူ ၀ိဒူ။
အေတေန သစ်စ၀စ်ဇေန၊ ဂနမံ မေ သမိတ်ဈတု။
(၂) ယဒိ သန်တိဂမော မက်ဂေါ၊ မောက်ခေါ စစ်စန်တိကံ သုခံ။
အေတေန သစ်စ၀စ်ဇေန၊ ဂနမံ မေ သမိတ်ဈတု။
(၃) သံဃော ဝေ တိန်ဏ ကန်တာရော၊ ပုန်ညက်ခေတ်တော အနုတ်တရော။
အေတေန သစ်စ၀စ်ဇေန၊ ဂနမံ မေ သမိတ်ဈတု။
( အနက်မြန်မာပြန်)
(၁) မြတ်စွာဘုရားသည် ဘ၀သုံးသွယ် ရေပြင်ကျယ်ကို ကူးမြောက်တော်မူပြီးဖြစ်သည်။
လောက၏အဆုံးသို့လည်း ရောက်တော်မူပြီ။
လောကအားလုံးကိုလည်း သိတော်မူပြီ။
ဤမှန်သော သစ္စာစကားကြောင့် ကျွန်ုပ်၏ခရီးသွားခြင်းသည် ပြီးမြောက်ပါစေသတည်း။
(၂) လောကုတ္တရာတရား အရိယာမဂ်လေးပါးသည် စင်စစ်ဧကန် နိဗ္ဗာန်ထုတ်ချောက် ရောက်စေနိုင်၏။
အရိယာမဂ်ဖြင့် ရောက်အပ်သော နိဗ္ဗာန်သည်လည်း ချမ်းသာစင်စစ် ဧကန်ဖြစ်၏။
ဤမှန်သောသစ္စာစကားကြောင့် ကျွန်ုပ်၏ ခရီးသွားခြင်းသည် ပြီးမြောက်ပါစေသတည်း။
(၃) ပရမတ္တအရိယာ သံဃာတော်မြတ်သည် စင်စစ်ဧကန် သံသရာတဖက်ကမ်းရောက် ကူးမြောက်တော်မူပြီး ဖြစ်၏။
အရိယာသံဃာတော်သည် အတုမရှိ အလွန်မြတ်သော ကောင်းမှုမျိုးကို စိုက်ပျိုးကြဲချရာ လယ်ယာမြေစစ် ဖြစ်ပါပေ၏။
ဤမှန်သောသစ္စာစကားကြောင့် ကျွန်ုပ်၏ ခရီးသွားခြင်းသည် ပြီးမြောက်ပါစေသတည်း။
မင်းဉာဏ်ဝေ
( မြတ်မင်္ဂလာ ၂၀၀၉-ခု ဇွန်လ)
No comments:
Post a Comment