Thursday, January 14, 2016

ဒါနကသံသရာရှည်တာလား?

ဒါနကသံသရာရှည်တာလား?

********

သံသရာမှလွတ်မြောက်လိုတဲ့ ဘုရားအလောင်းတော်တွေဟာပါရမီဆယ်ပါးမှာ ဒါနပါရမီကိုပထမဆုံးဖြည့်ကြတယ်။

ဒါနဟာ သံသရာမှလွတ်မြောက်ကြောင်းဖြစ်လို့သာ ဒါနပါရမီကိုပြုလုပ်ကြတယ်။

ဒါနပြုတဲ့စေတနာဟာ နောင်ဘ၀ချမ်းသာအောင်ဆိုတဲ့
တဏှာဦးစီးရင်တော့သံသရာရှည်ပါတယ်။

ဒါနက သံသရာရှည်တာမဟုတ်ပါ။

တဏှာ ကြောင့်သာသံသရာရှည်တာပါ။

{မြင့်ရွှေ(ပေါင်းတည်)၏ခန္ဓာကိုမြင်ခြင်းနှင့် ဒါန.သီလမှကူးယူ၍ဆီလျော်အောင်ရေးသား ပူဇော်ပါသည်။}
ဓမ္မရတနာ မှ

အလှူအကျိုး မျက်မှောက်ဒိဋ္ဌ ခံစားရသူ ၇ဦး


၁။  သုမနပန်းသည်  ။

၂။  ဧကသာဋကပုဏ္ဏား  ။

၃။  ပုဏ္ဏသူရင်းငှာ  ။

၎။ မလ္လိကာမိဖုရား  ။

၅။  ဂေါပါလမာတာ မိဖုရား  ။

၆။  သုပ္ပိယာ ဥပါသိကာမ  ။

၇။  ပုဏ္ဏာမည်သော ကျွန်မ  ။

( မိလိန္ဒ ၊ ၁၂၀ ။ ) ( မိလိန္ဒ ၊ မြန် ၊ ၁၂၉ ။ )

Wednesday, January 13, 2016

တော်တော်နောက်တဲ့ နပိုလီယန်

တော်တော်နောက်တဲ့ နပိုလီယန်

ရုရှားပြည်ကြီးကို နပိုလီယန် ကျုးကျော်တိုက်ဆိုင်စဉ်ကာလ။ မြို့ ကလေးတစ်မြို့ တွင်း စစ်ခင်းကြစဉ် နပိုလီယန်နှင့် သူ့ နောက်လိုက်နောက်ပါတွေ အမှတ်မထင် လူစုကွဲသွားကြသည်။

ရုရှား ကော့ဆက်စစ်သားတစ်စုက သူ့ ကိုမြင်သွားပြီး နောက်က တရကြမ်းလိုက်သည်။
ကွေ့ ကောက်သော လမ်းသေးလမ်းသွယ်များကြား အသက်ကို လု၍ ပြေးလာခဲ့ပြီး လမ်းမြှောင်တစ်ခုထဲရှိ သားမွေးထည် အရောင်းဆိုင် တစ်ဆိုင် တွင် အလစ်ဝင်ခိုသည်။

ဆိုင်ရှင်ကို မြင်တော့ “ကယ်စမ်းပါဦးဗျာ၊ ကယ်စမ်းပါဦး၊ ကျွန်တော်ဘယ်မှာ ပုန်းရမလဲ”၊ တောင်းပန်တိုးလျှိုးသော လေသံဖြင့် နပိုလီယန် အမောတကောမေးသည်။

ဆိုင်ရှင်က “အဲဒီ ထောင့် က သားမွေးပုံကြီး အောက် သားမွေးတွေ တစ်ထပ်ကြီး ဖုံးဖိပေးထားသည်။
ဖုံးဖိပြီးရုံရှိသေး ကော့ဆက်တွေ အခန်းထဲ အော်ဟစ်ပြေးဝင်လာကြသည်။ “ဘယ်မလဲဟေ့၊ ဒီဆိုင်ထဲဝင်သွားတာ ငါတို့ မြင်လိုက်တယ်”

ဆိုင်ရှင်က ငြင်းသည်။ သို့ သော် သူတောင်းပန်နေသည့်ကြားကပင် ကော့ဆက်တွေ တစ်ဆိုင်လုံး ဆွဲလွဲမွှေနှောက်ကာ နပိုလီယန်ကို ရှာကြသည်။ သားမွေးပုံကြီးကို ဓားတွေနှင့် တစွပ်စွပ် ထိုးကြည့်ကြသည်။ မတွေ့ ။ နောက်ဆုံး သူတို့ လက်လျှော့ပြီး ထွက်သွားကြသည်။

အတော်ကြာတော့မှ နပိုလီယန်သားမွေးပုံအောက်မှ တွားပြီးထွက်လာသည်။ သူဘာဒဏ်ရာမှ မရခဲ့။ သည်အခိုက်မှာပင် သူ့ ကိုယ်ရံတော်တွေ ဆိုင်ဝရောက်လာသည်။

သည်အချိန် သိုးမွေးဆိုင်ရှင် နပိုလီယန်အားကြည့်ကာ မရဲတရဲနှင့် မေးသည်။
“ဒီလောက် ကြီးကျယ်တဲ့ ပုဂ္ဂိုလ်ကြီးကို အားမနာပါးမနာ မေးတယ်လို့ တော့ သဘောမထားပါနဲ့ ခင်ဗျာ၊ သားမွေးပုံအောက်ရောက်နေတဲ့ အချိန်၊ နောက်တစ်ခဏမှာ အဆုံးစီရင်ရနိုင်တယ်လို့  သိနေရတဲ့အချိန်က ဘယ်လို ခံစားရပါသလဲခင်ဗျာ”

နပိုလီယန် ဆတ်ခနဲ မတ်မတ်ရပ်လိုက်ပြီး သားမွေးဆိုင်ရှင်အား ဒေါသနှင့် ပြောသည်။
“နပိုလီယန် ဧကရာဇ်တစ်ယောက်လုံးကို မထီလေးစားမေးရလား၊ ရိုင်းပျတဲ့ ဒီသတ္တ၀ါကို ဖမ်း၊ မျက်နှာကို ပုဝါစည်းပြီး ချက်ချင်းသုတ်သင်စမ်း၊ ငါကိုယ်တော်မြတ်ကိုယ်တိုင် ဒီကောင့်ကို ပစ်မိန့် ပေးမယ်”
ကိုယ်ရံတော် စစ်သည်တွေ သားမွေးဆိုင်ရှင်အား ၀ိုင်းချုပ်ပြီး အပြင်သို့ တရွတ်ဆွဲခေါ်သွားကြသည်။
သူ့ ကိုနံရံတွင်ရပ်စေကာ မျက်နှာကို ပုဝါနှင့်စည်းသည်။

သားမွေးဆိုင်ရှင်သည် ဘာကိုမျှ မမြင်ရ။ သို့ သော် စစ်သားတွေ တန်းစီသံ ၊ ပစ်ခတ်ရန်အတွက် ရိုင်ဖယ် သေနတ်များ ပြင်ဆင်နေကြသံတွေ သူကြားနေရသည်။ လေတိုးသဖြင့် သူ့ ကိုယ်ပေါ်က အ၀တ်အစားတွေ လှုပ်ခတ်သွားတာ၊ ပါးပြင်က အေးစက်သွားတာ ပြီးတော့ သူ့ ဒူးတွေ တဆတ်ဆတ်တုန်နေတာလည်း သူသတိပြုမိနေသည်။

ထို့ နောက် နပိုလီယန် လည်ချောင်းရှင်းလိုက်ပြီး တစ်ဆင့်ချင်း အမိန့် ပေးသံ သူကြားရသည်။
“အသင့်ပြင်…ချိန်…”
လောလောဆယ် သူ သိမှတ်နေရသည့် အကြားအာရုံ၊ အထိအတွေ့ အာရုံကလေးသည်ပင် အချိန် အနည်းငယ်အတွင်း သူ့ ထံမှ ထာဝရနုတ်ပယ်ခြင်း ခံရတော့မည်ဟူသည်ကို တွေးမိကာ အမျိုးအမည် မဖော်ပြနိုင်သည့် ဝေဒနာတစ်ခု သူ့ ကို လွှမ်းမိုးလာပြီး ပါးပြင်ပေါ်သို့ မျက်ရည်တွေတွေ စီးကျလာသည်။

အတော်ကြီးကြာအောင် တိတ်ဆိတ်ငြိမ်သက်နေပြီးနောက်တွင် သူ့ အနီးသို့  ချဉ်းကပ်လာသည့် ခြေသံများ သားမွေးဆိုင်ရှင် ကြားရသည်။ ထို့ နောက် သူ့ မျက်နှာမှာ စည်းထားသည့်အ၀တ်ကို ဖြည်ပေးသည်။ ရုတ်တရက် တိုးဝင်လာသည့် နေရောင်ကြောင့် သူ့ အမြင်အာရုံတွေ မသဲကွဲသေး။

သို့ သော် မှုန်ရီဝိုးဝါးဖြစ်နေသေးသည့် ကြားကပင် သူ့ အား ဖောက်ထွင်းမတတ် စူးစိုက်ကြည့်နေသည့် နပိုလီယန်၏ မျက်လုံးအစုံကို သူမြင်ရသည်။ သည်မျက်လုံးများကား သူ့ တစ်ကိုယ်လုံး ကို တစ်ထောင့် တစ်ဌာနမကျန် အသေးစိတ် ဖော်ထုတ် သိမြင်သွားသည့် ဟန်ပင်။
သည်နောက် နပိုလီယန်က လေသံအေးအေးနှင့်ပင် ပြောလိုက်သည်။ “ကဲ..အခုတော့ မင်းသိပြီမဟုတ်လား”တဲ့။

[မူရင်း။ ။ Steve Andreas ၏ Napoleon and the Furrier]
[ဘာသာပြန်။ ။ ဖေမြင့်၏ နှလုံးသား အာဟာရ ပထမတွဲ]


Posted via Blogaway

မင်္ဂလာဈေးမီးလောင်မှု

မင်္ဂလာဈေးမီးလောင်မှုမကြည့်ရသောသူများအတွက်


Posted via Blogaway

"သောတာပန်၏ ထူးခြားချက်(၇)ရပ်"

"သောတာပန်၏ ထူးခြားချက်(၇)ရပ်" ******** ကိုယ့်ခန္ဓာကို ဉာဏ်စိုက်ကြည့်လိုက်ရင် ဝေဒနာပေါ်လဲဖောက်ပြန်သွားတာပဲ၊ ပျက်စီးသွားတာပဲ။ဝေဒနာရှုလိုက်တော့ ဝေဒနာလေးကဖြစ်လိုက်ပျက်လိုက်နဲ့သူ့သဘောသူ စွန့်စွန့်သွားတယ်။ သုခဝေဒနာကလဲသုခဝေဒနာသဘောစွန့်တယ်။ ဒုက္ခဝေဒနာကလဲဒုက္ခဝေဒနာသဘောစွန့်တယ်။ ဥပေက္ခဝေဒနာကလဲဥပေက္ခဝေဒနာသဘော စွန့်တယ်။ လောဘစိတ်ကလဲလောဘသဘောစွန့်တယ်။ စွန့်ပြီးအနိစ္စသဘောချည်း ဖြစ်ပြီးပျက်တာချည်းပြတယ်။ဒီလိုချည်းပြနေတော့ ဒါတွေဟာ"၀ိပရိဏာမလက္ခဏံဒုက္ခသစ္စံ"ပဲ။ ဉာဏ်နဲ့ကြည့်လိုက်တော့ဝိပရိ ဏာမလက္ခဏာတွေချည်းပဲ၊ ဖောက်ပြန်တာချည်းပဲ။အထည်မကျန်ဘူး။ ဝေဒနာပေါ်ရင် ဝေဒနာကြည့်လိုက်တော့ဝေဒနာလေးကို ရှာမတွေ့တော့ဘူး။ ဝေဒနာပျက်ပျက်စိတ်ပျက်ပျက်ရုပ်ပျက်ပျက် အထည်မကျန်ဘူး။ ဖောက်ပြန်ပျက်စီးသွားတာကို မြင်အောင်ကြည့်ရမယ်။ဒီလိုမြင်အောင်ကြည့်ပြီး ဒုက္ခသစ္စာပါလား၊ဖောက်ပြန်ပျက်စီးသွားတာမှ တစ်ပိုင်းတစ်စတောင်မကျန်တော့ပါလားလို့ရှေးဦးစွာ ဟုတ်တိုင်းမှန်စွာမြင်ရမယ်။မြင်ပြီးတော့ မိမိခန္ဓာကြီးသည်ဖောက်ပြန်ပျက်စီးမှုမှတစ်ပါး ဘာမှမရှိ၊တကယ့်ကိုရွံစရာ မုန်းစရာခန္ဓာကြီးပါလားလို့ဉာဏ်တက်လာမယ်။ ဉာဏ်တက်ပြီးနောက်ရွံစရာမုန်းစရာခန္ဓာကြီးတော့ သိမ်းမှတော်မယ်၊သိမ်းမှအေးမယ်၊ ရချင်စရာတစ်ကွက်မှမရှိဘူးဆိုတဲ့ ဉာဏ်တက်လာလိမ့်မယ်။ဒီဉာဏ်တက်လာခဲ့ရင် ရှေ့ဒုက္ခတွေချုပ်သွားလိမ့်မယ်။ဝိပရိဏာမဒုက္ခတွေ ချုပ်သွားလိမ့်မယ်။ အ၀ိပရိဏာမနိဗ္ဗာန်ပေါ်လာလိမ့်မယ်။အဲဒီတော့မှပဲ ဖောက်ပြန်ပျက်စီးမှုဝိပရိဏာမတွေမရှိတော့ဘူး၊ အခုမှပဲဖောက်ပြန်ပျက်စီးမှုကြီးဇာတ်သိမ်းသွားတာ တွေ့ရတော့တယ်ဆိုတဲ့ဉာဏ်လာတယ်။ဒါဖြင့် ဖောက်ပြန်ပျက်စီးမှုဇာတ်သိမ်းတာကနိရောဓသစ္စာ၊ တွေ့တဲ့ဉာဏ်ကမဂ္ဂသစ္စာဆိုတော့ သောတာပန်တည်ရော။မဂ်ရ ဖိုလ်ရတာပဲ။ မဂ်ဖိုလ်ရရင်ပစ္စဝေက္ခဏာရတာပဲ။ ပစ္စဝေက္ခဏာရတာအထူးပြောဖို့မလိုဘူး၊ ၀ီထိနိယာမသဘောအတိုင်းမဂ်ဖိုလ်ရရင်သူရမှာပဲ။ မဂ်ရဖို့သာအဓိကဖြစ်တယ်။ ၀ိပရိဏာမဒုက္ခသစ္စာမြင်နေတုန်းကိစ္စဉာဏ်။ ၀ိပရိဏာမဆုံးသွားတာမြင်လိုက်တော့ကတဉာဏ်။ ကတဉာဏ်ဆိုတာငါသောတာပန်တည်ပြီလို့ သိလိုက်ရတဲ့ဉာဏ်။မဂ်ဉာဏ်ကတက်ပြီး သောတာပန်တည်ပြီလို့သိလိုက်ရတဲ့ဉာဏ်၊ ဖောက်ပြန်တဲ့ကိစ္စတွေမမြင်တော့ဘဲ ဖောက်ပြန်တဲ့ကိစ္စတွေရှာမတွေ့တော့ဘဲ ဖောက်ပြန်ခြင်းကင်းတာကိုမြင်တဲ့ဉာဏ်ဟာ ကတဉာဏ်။ ဒါဖြင့်ခန္ဓာကိုယ်ထဲဘာပေါ်ပေါ် ဒုက္ခသစ္စာချည်းပေါ်တာပဲလို့သိတဲ့ဉာဏ်က သစ္စဉာဏ်၊ပေါ်တာဟူသရွေ့ဒုက္ခသစ္စာလို့ ဆုံးဖြတ်ချက်ချ။သူ့ရဲ့ဖောက်ပြန်ပျက်စီးတဲ့ကိစ္စကို သိတော့ကိစ္စဉာဏ်၊ပေါ်လာတာလေးတွေက ပေါ်လာတဲ့သဘောတွေအကုန်စွန့်ပြီး ဖောက်ပြန်ပျက်စီးသွားတာလေးတွေပဲ ဆက်တိုက်မြင်နေရင်ဒါကိုကိစ္စဉာဏ်။ ဖောက်ပြန်ပျက်စီးတဲ့ကိစ္စမမြင်ပြန်တော့ကတဉာဏ်။ ဖောက်ပြန်ပျက်စီးတာတွေတော့မမြင်ရတော့ဘူး၊ မဖောက်ပြန်မပျက်စီးတဲ့ချမ်းသာလေးတစ်ခုတည်းပဲ မြင်နေတယ်ဆိုရင်ဒါကတဉာဏ်ပဲ။ ဒီဉာဏ်သုံးဉာဏ်နဲ့ပဲတက်လိုက်ပါ။ အကျဉ်းအားဖြင့် သစ္စာသိရင်သစ္စဉာဏ်၊ ဖောက်ပြန်တာသိရင်ကိစ္စဉာဏ်၊ ဖောက်ပြန်တာတွေမတွေ့တော့ဘူးဆိုရင် ကတဉာဏ်။ ကတဉာဏ်ဆိုက်ရင်သောတာပန်တည်ပြီ။ သောတာပန်ဖြစ်တယ်ဆိုတာ သောတာပန်စိတ်ပေါ်တာပါပဲ။ ရုပ်ပိုလှလာတာလဲမဟုတ်ဘူး၊ ဆိုင်းဘုတ်ဆွဲထားတာလဲမဟုတ်ဘူး။ အဲဒီသောတာပန်မှာပေါ်တဲ့သောတာပန်စိတ်သည် ပုထုဇဉ်နဲ့မတူတာခုနှစ်မျိုးရှိတယ်။ သောတာပန်လဲလောဘဖြစ်သေးတယ်၊ ဒေါသလဲဖြစ်သေးတယ်၊ မောဟလဲဖြစ်သေးတယ်။ ထိနမိဒ္ဓငိုက်မျည်းစိတ်တွေလဲဖြစ်သေးတယ်။ ဥဒ္ဓစ္စပျံ့လွင့်မှုတွေလဲဖြစ်သေးတယ်။ ကုက္ကုစ္စလဲဖြစ်သေးတာပဲ။ ဒီတရားတွေကပုထုဇဉ်မှာလဲဖြစ်တယ်၊ သောတာပန်မှာလဲဖြစ်တယ်ဆိုတော့ တူနေတဲ့သဘောတွေဖြစ်နေတယ်။ ဒါဖြင့် ဘယ်လိုထူးလဲဆိုရင်ပုထုဇဉ်ကဒီတရားတွေဖြစ်ရင် ဖြစ်ကြောရှည်တယ်။ကတဉာဏ်ရလို့ သောတာပန်တည်ပြီးသားပုဂ္ဂိုလ်က ဖြစ်တော့ဖြစ်ပေမယ့်ဖြစ်ကြောမရှည်ဘူး။ ပုထုဇဉ်ကလောဘဖြစ်လိုက်ပြီဆိုရင်လဲ ဒီလောဘချည်းပဲအကြာကြီးဖြစ်နေတတ်တယ်။ ဒေါသဖြစ်နေတယ်ဆိုရင်လဲ ဒေါသချည်းပဲဖြစ်လို့မကျေမချမ်းနိုင်ဘူး။ဒါဟာ ဖြစ်ကြောရှည်တာပဲ။ဒုက္ခချုပ်ပြီးသား သောတာပန်ကတော့ဖြစ်တယ်ဆိုရင် ဖြစ်သွားတယ်လို့ နောက်ကတစ်ခါတည်းဉာဏ်လိုက်တယ်။ ဖြစ်ရင် ချက်ချင်းသိတယ်၊ဖြစ်ကြောမရှည်တော့ဘူး။ ငါလောဘဖြစ်သွားတယ်လို့နောက်ကနေဉာဏ်နဲ့ ချက်ချင်းအသိလေးလိုက်လာတယ်။ ဒေါသဖြစ်ရင်လဲ ဉာဏ်အသိချက်ချင်းလိုက်တယ်။ထိနမိဒ္ဓဖြစ်ရင်လဲ ချက်ချင်းလိုက်တာပဲ။မသိလိုက်တာဆိုတာမရှိဘူး။ လောဘဖြစ်ဖြစ်၊ဒေါသဖြစ်ဖြစ်၊ထိနမိဒ္ဓဖြစ်ဖြစ်၊ ဥဒ္ဓစ္စကုက္ကုစ္စဖြစ်ဖြစ်ဖြစ်တော့ဖြစ်တာပဲ၊ မပယ်နိုင်သေးလို့ဖြစ်တာ။ သောတာပတ္တိမဂ်ကဒိဋ္ဌိနဲ့ဝိစိကိစ္ဆာပဲ ပယ်နိုင်သေးတာ။ လောဘဒေါသမောဟတွေကမပယ်နိုင်သေးတော့ လာမှာပဲ။လာပင်လာသော်လဲချက်ချင်းနောက်က ပြန်သိတယ်။ပဋိစ္စသမုပ္ပါဒ်ကနောက်က ဖြတ်ဖြတ်လိုက်တယ်။ပုထုဇဉ်ကတော့မဖြတ်ဘူး၊ ပဋိစ္စသမုပ္ပါဒ်တန်းနေအောင်သွားတာပဲ။ဥပမာ ပုထုဇဉ်ကဒေါသဖြစ်ရင်ကမ္ဘာမကျေဘူးဆိုပြီး တေးထားတယ်။သောတာပန်ကတော့ ဖြစ်တော့ဖြစ်လိုက်တာပဲ၊ ဒါပေမယ့်နောက်ကအသိနဲ့ ပြန်လိုက်ပေးလိုက်တယ်။ဒါနံပါတ်(၁)ကွာခြားမှုပဲ။ ဖြစ်ကြောရှည်နဲ့ဖြစ်ကြောတိုကွာတယ်။ နံပါတ်(၂)ကလောဘဒေါသမောဟတွေ မပယ်နိုင်သေးတော့အကြောင်းတိုက်ဆိုင်လို့ ပေါ်လာခဲ့သော်လဲဒီကိလေသာတွေ ငြိမ်းအေးအောင်လုပ်လိုက်တော့မယ်ဆိုတဲ့စိတ် ပေါ်လာတယ်။သိရုံတင်မကဘူး၊ ငြိမ်းအေးအောင်လုပ်မယ်ဆိုတဲ့အထိလာတယ်။ လောဘဒေါသမောဟတွေကတော့ပုထုဇဉ်လိုပဲ ဖြစ်တာပဲ။ သို့သော်ဖြစ်မှန်းသိတဲ့အတွက် ငြိမ်းအေးအောင်လုပ်လိုက်မယ်ဆိုပြီး ဖြစ်ပျက်ရှုလိုက်တော့ငြိမ်းအေးသွားတာပဲ။ ဘယ်တော့မှမကျေဘူးဘာညာဆိုတာတွေ မကျန်ရစ်တော့ဘူး။ကိလေသာတွေလာသော်လဲ ငြိမ်းအေးအောင်လုပ်ပစ်လိုက်တယ်။ အကျဉ်းချုပ်အားဖြင့်မှားရင်မှားမှန်း ချက်ချင်းသိတယ်၊ငြိမ်းအောင်လုပ်ပစ်တယ်။လောဘ ဒေါသတွေနဲ့မှားတာကိုပြောတာ။ (၃)နံပါတ်ကဒီဘုရားသာသနာမှတစ်ပါး အခြားသာသနာမှာသောတာပန်သကဒါဂါမ်အနာဂါမ် ရဟန္တာမရှိဘူးလို့ယုံကြည်တယ်။ ကိုယ်တိုင်သိလာတာ။ သိလာလို့ယုံကြည်တာ။ (၄)နံပါတ်ကရဟန်းတော်တွေဟာ ဘုရားပညတ်ထားတဲ့သိက္ခာပုဒ်တစ်ခုခု ချိုးဖောက်မိရင်အပြစ်သင့်တယ်။အာပတ်သင့်တယ်။ အဲဒီအပြစ်ကိုသိလိုက်တာနဲ့ပျောက်သွားအောင် ချက်ချင်းဒေသနာကြားတယ်။ အာပတ်ကုစားတာခေါ်တယ်။လူတွေမှာတော့တစ်ခုခု မှားလို့ရှိရင်ဝန်ချတောင်းပန်ပြီး ပြေလည်အောင်လုပ်လိုစိတ်ပေါ်လာတယ်။ မှားတဲ့ဥစ္စာ ချက်ချင်းပြေအောင်လုပ်ချင်စိတ်ပေါ်လာတာ။ မှားမိတာသိလိုက်တာနဲ့ချက်ချင်းဘုရားရှေ့သွားပြီး ကမ္မဋ္ဌာန်းထိုင်ပစ်လိုက်ပြီးမှားတဲ့အပြစ်တွေ ပြေပြောက်အောင်လုပ်လိုက်တယ်။ ဒါသောတာပန်ရဲ့စိတ်ထားပဲ။ နံပါတ်(၅)ကအမှုကိစ္စအတွက် ရုံးကန်ကနားခေါ်သော်ငြားလဲလိုက်တော့လိုက်တယ်။ ဒါပေမယ့်သူ့သီလ၊သမာဓိ၊ပညာတော့ အပျက်မခံဘူး။ကိစ္စကြီးငယ်ရှိလို့အကူအညီလိုရင် အကူအညီတော့ပေးတာပဲ၊ဒါပေမယ့်သူ့သီလ၊ သမာဓိ၊ပညာတော့အပျက်မခံဘူး။မဟုတ်ဘဲနဲ့ အဟုတ်လုပ်အပြောခိုင်းလဲသူမပြောဘူ၊ အလိမ်ခိုင်းလဲမလိမ်ဘူး၊မတရားထွက်ဆိုတာမျိုး သူမလုပ်တော့ဘူး။အမှန်ပြောရင်ဘယ်လိုလုပ်မယ်၊ ဘာလုပ်မယ်စသည်ခြိမ်းခြောက်နေစေကာမူ သူကတော့အမှန်အတိုင်းပဲထွက်ဆိုတယ်။ ဒီလိုပြောပေးရင်ငွေပေးမယ်၊ဘာပေးမယ်ပြောလဲ သူကတော့မဟုတ်မမှန်တာကိုအဟုတ်အမှန်လုပ်ပြီး ပြောမပေးတော့ဘူး။ နံပါတ်(၆)ကတရားဟောနေတဲ့အခါ အနက်အဓိပ္ပါယ်ကိုသိပြီးစိတ်ဟာဘယ်မှမသွားဘဲနဲ့ နာလေ့ရှိတယ်။မြတ်စွာဘုရားတရားတော်တွေ နာကြားရတဲ့အခါအာရုံတစ်ပါးစိတ်မသွားဘဲ စူးစူးစိုက်စိုက်နာနိုင်ခြင်းသည်သောတာပန်ရဲ့ သဘောပဲ။ နံပါတ်(၇)ကတရားတော်တွေနာကြားပြီးတဲ့နောက် ပြောလို့လဲမပြီးနိုင်၊၀မ်းမြောက်လို့လဲမဆုံးနိုင်ဘူးတဲ့။ သိပ်ပြီးသဘောကျလွန်းလို့ ပီတိသောမနဿတွေဖြစ်ပြီးတော်တော်နဲ့ မပျောက်နိုင်ဘူး။ အကျဉ်းပြန်ချုပ်လိုက်ရင်-★★★ ၁။လောဘဒေါသမောဟပေါ်တိုင်ပေါ်တိုင်း ချက်ချင်းသိတာသည်သောတာပန်ရဲ့အသိ။ ၂။သိသည်နှင့်တစ်ပြိုင်နက် ငြိမ်းအေးအောင်လုပ်နိုင်ခြင်းသည်သောတာပန်ရဲ့ အသိ။ ၃။ဤသာသနာမှတစ်ပါးအခြားသာသနာမှာ ထွက်ရပ်လမ်းလုံးဝမရှိဘူးဆိုတဲ့ယုံကြည်မှုဟာလဲ သောတာပန်ရဲ့သဒ္ဓါ။ ၄။ကျူးလွန်ထားတဲ့အပြစ်ကိုချက်ချင်း ကုသလိုတဲ့စိတ်ပေါ်တာဟာလဲသောတာပန်ရဲ့ သဘော။ ၅။ကိစ္စကြီးငယ်ရှိလို့အကူအညီ သက်သေလိုက်ရငြားသော်လဲသီလသမာဓိပညာ အပျက်မခံတာသည်သောတာပန်ရဲ့သဘော။ ၆။တရားတော်တွေကိုအာရုံတစ်ပါးစိတ်မသွားဘဲ အနက်အဓိပ္ပါယ်သိပြီးနာနိုင်ခြင်းသည်သောတာပန်။ ၇။ခန္ဓာဉာဏ်ရောက်တရားတွေနာရတော့ ၀မ်းမြောက်လို့မဆုံးကြည်ညိုလို့မဆုံးကျေးဇူးတင်လို့ မဆုံးဖြစ်တာသည်သောတာပန်။ ပုထုဇဉ်နဲ့သောတာပန်ဒီ(၇)ချက်မှာထူးခြားတယ်တဲ့။ ကောသမ္ဘီရဟန်းတွေအကြောင်းပြုပြီးဟောတာ။ ဥပမာသောတာပန်လဲရန်တော့ဖြစ်တာပဲ။ဒါပေမယ့် ဖြစ်ရင် ဖြစ်မှန်းနောက်ကသိတယ်။သိလိုက်တော့ ငြိမ်းအောင်လုပ်လိုက်တယ်။သိလို့ကုသလိုက်တယ်။ သူတစ်ပါးကိစ္စဆောင်ရွက်ရာမှာ သီလသမာဓိ ပညာကိုသာငဲ့လေ့ရှိတယ်။တရားနာတဲ့အခါမှာ အခြားစိတ်တွေအ၀င်မခံဘူး။တရားနာရတော့ ၀မ်းသာလို့မဆုံးပီတိသောမနဿတွေလဲ ဖြစ်လို့မဆုံးဘူးတဲ့။ဒါပုထုဇဉ်နဲ့မတူတဲ့အချက် (၇)ချက်။ဒီ(၇)ချက်နဲ့ကိုက်ညီပြီဆိုရင်တော့ ကိုယ့်ကိုယ်ကိုသောတာပန်ဖြစ်နေပြီလို့ ကောက်ချက်ချလိုက်ပါ။ (မိုးကုတ်ဆရာတော်ဘုရားကြီး၏ဟောတရားများမှ ကောက်နုတ်တင်ပြခြင်းသာဖြစ်သည်။)
Posted via Blogaway

"ပြည်သူပိုင်သိမ်းပွဲကြီး"

"ပြည်သူပိုင်သိမ်းပွဲကြီး"
-------------------------
(ကြေးမုံဦးသောင်း)

သမိုင်း အစစ်တွေကို သိရှိကြစေဖို့ ဆရာ့
ဆောင်းပါး အချို့ကို ဖော်ပြခြင်း ဖြစ်ပါသည်။

မြန်မာ့လမ်းစဉ် ဆိုရှယ်လစ်စနစ်မှာ စက်မှုလက်မှု
စီးပွားရေးလုပ်ငန်းများကို တည်ထောင်သည်မဟုတ်
ဘဲ တည်ရှိပြီး အရပ်သားပိုင်လုပ်ငန်းများကိုသိမ်းယူ
သော စနစ်ဖြစ်သည်။

၁၉၆၃ ခု၊ ဇန်န၀ါရီလတွင် ဘီအိုစီ ရေနံကုမ္ပဏီနှင့်
အိုင်ဘီပီ ရေနံလုပ်ငန်းကို သိမ်းပြီး မြန်မာ့ရေနံ ကော်
ပိုရေးရှင်းကို ဖွဲ့စည်းလိုက်သည်။ ဖေဖော်ဝါရီလထဲတွင်
ဘဏ်တိုက် (၃၁) တိုက်ကို သိမ်းပြီး လုပ်ငန်းကြီးများ
စတင်သိမ်းတော့သည်။ အင်္ဂလို - ဘားမား သတ္တုတွင်း
ကုမ္ပဏီနှင့် ပုလဲလုပ်ငန်းတို့ ပါသွားကြသည်။

စစ်တပ်မှ စစ်ဗိုလ်ကြီးများ လုပ်ကိုင်နေကြသည့်
တပ်မတော် သက်သာချောင်ချိရေး တဖြစ်လည်း
မြန်မာနိုင်ငံ စီးပွားတိုးတက်မှု ကော်ပိုရေးရှင်း
(BEDC) နှင့် စစ်ဖက်ကုန်စည် ဖြန့်ချီရေး (DSI)
တို့ကိုလည်း သိမ်းလေသည်။

စီးကရက် ကုမ္ပဏီများ၊ သတ္တုတွင်းလုပ်ငန်းများ၊
ဆပ်ပြာချက်လုပ်ငန်း၊ ထီးစက်လုပ်ငန်း စသည့်
စက်မှုလက်မှုလုပ်ငန်းများ၊ ပုံနှိပ်စက်များ၊ အရပ်
သားပိုင် ကျောင်း (၈၁၄) ကျောင်း၊ သာသနာပြု
ဆေးရုံ (၉) ရုံ၊ ရုပ်ရှင်ရုံ (၁၈၂) ရုံ စသည်ဖြင့်
အားလုံးကို ပြည်သူပိုင် ပြုလုပ်သည်။

အကြီင်္းဆုံး ပြည်သူပိုင်သိမ်းပွဲကြီးကို ရန်ကုန်မြို့
နှင့်တကွ နယ်များတွင်ပါ ၁၉၆၄ ခု၊ ဧပြီလ (၉)
ရက်နေ့တွင် ကျင်းပသည်။

အသိမ်းခံရသည့်သူများ မသိကြစေရန် လျှို့ဝှက်
စီစဉ်သည်။ ထောင်သောင်းချီသော ပါတီ မိတ်ဆွေ
ဆိုသူများနှင့် စစ်ဗိုလ်စစ်သားများကို သန်းခေါင်တိ
တိတွင် အောင်ဆန်းအားကစားကွင်းကြီး၌ စုထား
သည်။ မိုးမလင်းမီတွင် လူစုခွဲကြပြီး ရန်ကုန်မြို့အနှံ့
အပြား သွားရောက်ကာ ပွဲရုံများ၊ လက်လီ လက်ကား
ဆိုင်များ၊ သမ၀ါယမဆိုင်များ၊ စီးပွားရေးလုပ်ငန်းမှန်
သမျှကို ပြည်သူပိုင် သိမ်းလိုက်လေတော့သည်။

ပြည်သူပိုင်သိမ်းရာတွင် လုပ်ငန်းကြီးပါက ဗိုလ်မှူးက
ကွပ်ကဲသည်။ အလတ်စားလုပ်ငန်းကို ဗိုလ်ကြီး၊
အငယ်စားလုပ်ငန်းကို တပ်ကြပ်ကြီးတို့က ကွပ်ကဲပြီး
သိမ်းယူသည်။ လက်နက်ကိုင်စစ်သားများက စောင့်
ကြပ်ပေးရသည်။

ပါတီမိတ်ဆွေများက မူလပိုင်ရှင်များ၏ နေရာတွင်
အစားထိုးပြီး အရောင်းအ၀ယ်လုပ် ငန်းကို ဆက်
လက်လုပ်ကိုင်ကြသည်။

ဆိုင်ကြီးများမှ လက်လီဆိုင်ကလေးများအထိ
ဆိုင်ပိုင်တို့အဖို့ နံနက်စောစော ဆိုင်ဖွင့်ရန်
သွားကြသော အခါတွင် မိမိတို့ ဆိုင်ရှေ့များတွင်
စစ်အရာရှိနှင့် ပါတီမိတ်ဆွေဆိုသူများကို တွေ့ကြ
ရသည်။

ပြည်သူပိုင် အမိန့်ကို ဖတ်ပြပြီး လုပ်ငန်းကို
သိမ်းယူသောအခါတွင် ဆိုင် (သို့မဟုတ်) လုပ်ငန်း၏
သော့နှင့် ငွေများကို အပ်ကြရသည်။ အရေးတကြီး
တောင်းကြသည်မှာ လုပ်ငန်းပိုင် မော်တော်ယာဉ်များ
နှင့် ကားသော့များ ဖြစ်၏။ ထိုနေ့ နံနက်က စတင်ပြီး
ထိုဆိုင်၊ ထိုလုပ်ငန်းမှ မော်တော်ယာဉ်သည် ဗိုလ်ကြီး
သို့မဟုတ် တပ်ကြပ် ကြီးပိုင် အဖြစ်သို့ ပြောင်းလဲသွား
လေတော့သည်။

တင်မောင်က နေ့စဉ်နေ့တိုင်း သမီးများကို ကျောင်းပို့၊
ကျောင်းကြိုတာဝန်ယူထားရသည်။ ပြည်သူပိုင်မသိမ်း
မီက ကားပြာလေးတစီးနှင့် ကျောင်းလာလေ့ရှိသော
မောင်နှစ်မသုံးယောက်တို့ ခြေလျင်လာကြတာကို မြင်
ရပြီး ခါတိုင်း ခြေလျင်ကျောင်းတက်လေ့ရှိသူ ကလေး
တဦးက ထိုကားပြာကလေးနှင့် ကျောင်းတက်လာ
သည်ကို မြင်တွေ့ရသည်။ ကားအထဲမှ ကလေးက
အမူအရာ မထူးခြားစေကာမူ စစ်ဗိုလ်ကတော်နှင့်
တူသော ကားမောင်းလာသူ အမျိုးသမီးကို ခေါင်း
တမော့မော့ ရှိနေသည်ကို မြင်ရသည်။

ဆိုရှယ်လစ် သင်္ခါရတရားကို ရှုမိပါတော့၏။

ပြည်သူပိုင်သိမ်းပွဲတွင် စစ်ဗိုလ်များအား
ကားမအပ်သူများကို ကြီးလေးသော အပြစ်ကို
ပေးလေ့ရှိသည်။ အင်္ဂလိပ်စာရေးဆရာကြီး
ဂျော့အိုဝဲလ်၏ `မြန်မာပြည်မှ နေ့များ´ ၀တ္ထုမှာ
ပါရှိခဲ့သည့် စမတ်နဲ မုကာရမ်ဒမ် စာအုပ်ဆိုင်
ဆူးလေဘုရားလမ်းတွင် ရှိသည်။

စာအုပ်ဆိုင်ကို စစ်ဗိုလ်က လာရောက်သိမ်းစဉ်က
ပိုင်ရှင်အဖိုးကြီးတွင် ကားပျက်ကြီးတစီးရှိပါလျက်
ကားမအပ်သော အမှုအတွက် ထောင် (၄) နှစ်
အပြစ်ပေးခဲ့သည်။ အဖိုးကြီးခမျာ အသက် (၇၂)
နှစ် ရှိရှာပါပြီ။

ပြည်သူပိုင် သိမ်းပွဲအပြီး၌ ဆိုင်အသိမ်းခံရသူ
မိတ်ဆွေတဦးထံသွားပြီး အားပေးစကား ပြော
မိသည်။ `ကျနော် အမြတ်ကြီးစား မဟုတ်ပါဘူး။
ကောင်းရောင်းကောင်းဝယ် လုပ်ကိုင် စားသောက်
သူပါဗျာ´ ဟု ညည်းလေ သောကြောင့် `၀ိပါက၀ဋ်
ပေါ့ဗျာ´ ဟု တရားပြနေခိုက်တွင် လူတယောက်ဝင်
လာသည်။ ပိုးလုံချည်၊ ပိုးအင်္ကျီနှင့် ပွဲထိုင်သွားမည့်
သူကဲ့သို့ ၀တ်ဆင်ထားသော်လည်း သူ၏မျက်နှာက
ဒေါသထွက်နေဟန် နီမြန်းနေသောကြောင့်မည်သို့မျှ
ဝင်မပြောဘဲ ကြည့်နေမိ၏။

`လာပါဗိုလ်ကြီး ထိုင်ပါ၊ ထိုင်ပါ´ ဟု မိတ်ဆွေက
ဖိတ်သည်ကို မထိုင်ဘဲ ဆူပူစကားပြောလေတော့
သည်။

`တနေ့က ဆိုင်ကို သိမ်းတုန်းက ခင်ဗျားအပ်တဲ့
ကားမှာ အပိုဘီးမပါဘူး။ ခင်ဗျား ထိန်ချန်ထားခဲ့
တယ်။ အခု လမ်းမှာ ဘီးပေါက်နေတယ်။ ခင်ဗျား
ခိုးထားတဲ့ ဘီးကို အခုအပ်ပါ´ ဟု ဒေါသနှင့် ပြော
သည်။ မိတ်ဆွေက `ကားမှာ အပိုဘီးပါပါတယ်။
ဘီးငါးဘီး အပ်ခဲ့ပါတယ်။ ဒီကားမျိုးက အပိုဘီးကို
နောက်ခန်းမှာ မထားဘဲ ကားရဲ့ ဖလိန်အောက်မှာ
ဘီးအိမ်နဲ့ ထည့်ထားလို့ မမြင်ရတာပါ´ ဟု ရှင်းပြ
သည်။`ကားကို သိမ်းတုန်းက ဘာလို့ မရှင်းပြတာ
လဲ´ ဟု ဆူပူငေါက်ငမ်းပြီး ထွက်သွားသည်။

လုပ်ငန်းရှင်များ၊ ဆိုင်ရှင်များထံမှ လုယူထားသည့်
ကားကို ကိုယ်ရေးကိုယ်တာကိစ္စများအတွက်သုံးကြ
သည်ကို မြင်ရသည်။

ကုန်စည်များကိုလည်း ခိုးဝှက်ကြသည်။ အဖိုးတန်
သော ကုန်ဆိုင်များကို သိမ်းရန် တာဝန်ကျသူ စစ်
ဗိုလ်များ သည် ချက်ချင်းချမ်းသာကြတော့သည်။

ကားများ၊ ကုန်များကိုသာမက ဆိုင်ခန်းများကိုပါ
စစ်ဗိုလ်များက ခိုးကြသည်။ ရန်ကုန်တွင်ရော၊ နယ်
တို့တွင်ပါ လက်လီလက်ကားဆိုင် (၁၂၇၆၄) ဆိုင်ကို
သိမ်းပြီးသည့် နောက်တွင် အမျိုးတူ ကုန်များ ပူးပေါင်း
ရောင်းချ မည်ဟု မူချမှတ်ကာ ကုန်များကို ဆိုင်ကြီးများ
ရှိရာသို့ ပြောင်းသောအခါတွင် ရန်ကုန်၌ ဆိုင်နေရာ
တသောင်းခန့် လစ်လပ်သွားသည်။ အောက်ထပ်
လမ်းဘေးများမှ ဆိုင်ခန်းများအပြင် အိန္ဒိယသို့ အပြီး
ပြန်သွားသူ ကုလားများ၏ အိမ်ခန်းတွေပါ အစုစုအိမ်
ခန်း တသိန်းခန့်ကို စစ်ဗိုလ်မြူမင်းကြီးက ကွပ်ကဲပြီး
စစ်ဗိုလ်များနှင့် ပါတီဝင် လက်နက်ချ ကွန်မြူနစ်များ
ကို နေရာချပေးလေသည်။

အားလုံးလိုလိုပင် ပြန်ရောင်းစားကြသည်။ အချို့
စစ်ဗိုလ်များက အိမ်ခန်းရော ဆိုင်ခန်းပါ လေးငါးလုံး
ရယူပြီး တဆင့် ရောင်းစားသည်။

တရုတ်၊ ကုလား စီးပွားရေးဈေးကွက်ကို ဖျက်သိမ်း
ရန် ရည်ရွယ်ချက်နှင့် ဆိုင်များကို သိမ်းခဲ့စေကာမူ
စစ်ဗိုလ်များက ပြန်လည်ရောင်းစားကြသောကြောင့်
တရုတ်၊ ကုလားများ လက်ထဲသို့ပင် ပြန်ရောက်သွား
ပြန်ပေသည်။

ဘဏ်တိုက်များ၊ ဆိုင်များ၊ လုပ်ငန်းများကို
သိမ်းရာတွင် စာရင်းမရှိ၊ အင်းမရှိ ခိုးယူကြသည်။
အများစု ဖြစ်သော မြန်မာပိုင်လုပ်ငန်းမှန်သမျှကို
လျော်ကြေးမပေးတော့ပေ။ သို့သော် ဘီအိုစီနှင့်
နိုင်ငံခြားသားပိုင် ဘဏ်တိုက်ကြီးတွေကိုမူ နိုင်ငံ
ခြားသုံးငွေနှင့် လျော်ကြေးပေးသည်။

ဆွီဒင်ပြည်မှ လုပ်ငန်းရှင်တဦးပိုင်သည့် မန္တလေး
မီးခြစ်စက်ကိုလည်း နိုင်ငံခြားငွေနှင့် လျော်ကြေး
ပေးသည်။

ဗိုလ်ချုပ်ကြီးနေ၀င်းက တနှစ်တွင် ကိုးလတာမျှ
ဥရောပနိုင်ငံများသို့ သွားရောက်ဇိမ်ခံလေ့ရှိသဖြင့်
သူသွားသော နိုင်ငံများတွင် မျက်နှာမငယ်စေ ရန်
နိုင်ငံခြားသုံးငွေနှင့် လျော်ကြေးပေးရသည်ဟု
ဘဏ္ဍာရေးဝန်ကြီးဌာနမှ စုံစမ်းသိရှိရသည်။

ဗိုလ်ချုပ်ကြီး နေ၀င်းက နိုင်ငံခြားသားများကို
ကြောက်တတ်သည့် သူရဲဘောကြောင်သော
စိတ်ဓာတ်နှင့် သူနိုင်သော မြန်မာနိုင်ငံသားများ
ကို ရက်စက်စွာ အနိုင်ကျင့်သည့် စိတ်ဓာတ်များ
သည် စက်ဆုပ်ရွံ့ရှာဖွယ် ကောင်းလှ ပေသည်။

မြန်မာပိုင်ဆိုပါက စာရင်းအင်း ကျကျနနရှိသော
ဘဏ်တိုက်များကိုပင် လျော်ကြေးမပေးစေကာမူ
ဗိုလ်ချုပ်နေ၀င်းကတော် ဒေါ်ခင်မေသန်း၏ ဆွေမျိုး
များပိုင်သောလုပ်ငန်းများကို တိတ်တိတ်ပုန်း လျော်
ကြေး ပေးသည်။ အထပ်သားစက်လုပ်ငန်းကို သိမ်း
စဉ်က လုပ်ငန်းတန်ဖိုးအားလုံးကို နိုင်ငံခြားသုံးငွေနှင့်
လျော်ကြေး ပေးရုံမျှမက မိသားစုတခုလုံး အင်္ဂလန်သို့
သွားရောက်နေထိုင်နိုင်ရန် နိုင်ငံကူးလက်မှတ်ပါ ထုတ်
ပေးသည်။ မတရားမှု မှန်သမျှ တခုမကျန် ကျူးလွန်ခဲ့
ပေသည်။

ကုန်ထုတ်လုပ်ငန်းနှင့် ကုန်သွယ်လုပ်ငန်းများကို
သိမ်းယူခဲ့သည် ဂယက်အဖြစ် ကုန်စည်များ ရှားပါး
သည်ကို ရင်ဆိုင်ကြရသည်။ ရှားပါးသဖြင့် ကုန်ဈေး
နှုန်းများ တက်နေချိန် ၁၉၆၄ ခု၊ မတ်လ (၁၇) ရက်
နေ့တွင် အစိုးရက ထုတ်ဝေသုံးစွဲထားသဖြင့် လူထု
၏ လက်ထဲတွင် လှည့်လည်သုံးစွဲနေသော ကျပ်
(၁၀၀) တန်နှင့် (၅၀) တန် ငွေစက္ကူများကို တရား
မ၀င်ဟု ကြေညာလိုက်သဖြင့် လူထုကြီးတရပ်လုံး
မွဲသွားရှာသည်။ လှည့်လည်နေသော ငွေ၏ (၂၂)
ရာခိုင်နှုန်းကို သုံးစွဲခွင့် ပယ်ဖျက်သောကြောင့်
အစိုးရအဖို့ ကျပ် (၉၁၅.၈) သန်း အမြတ်ရသွား
သည်။ လူထုမှာ ကျပ် (၉၁၅.၈) သန်း မွဲရသည်။

လူထု မည်သို့ ခံရစေကာမူ အစိုးရက အနည်းငယ်မှ
လျှော့မပေး၊ ၁၉၆၆ ခု၊ ဇန်န၀ါရီလ (၆) ရက်နေ့တွင်
ကုန်သွယ်ရေး အမိန့်သစ်ထုတ်ကာ ချုပ်ကိုင်ပြန်သည်။
ကုန်စည်အမျိုးအစား (၄၆၀) ကို အရပ်သားများ မထိရ
ဘဲ အစိုးရကသာ ရောင်းဝယ်ခွင့် ရှိတော့သည်။ ဖွဲနု၊
ဆန်ကွဲမှ စတင်ပြီး နနွင်းတက်အထိ တော်လှန်ရေး
အစိုးရကသာ သိုလှောင်ခွင့်၊ ရောင်းဝယ်ခွင့် ရှိတော့
သည်။

ထိုကဲ့သို့ ပုဂ္ဂလိက အရပ်သားပိုင် လုပ်ငန်းများကို
စစ်ဗိုလ်များက လုယက်သည့် ဆိုရှယ်လစ်စီးပွားရေး
စနစ်ကို ထူထောင်သောကြောင့် နိုင်ငံ၏ စီးပွားရေး
လုပ်ငန်းကြီးများ ကျဆင်းပျက်ပြားသွားလေတော့
သည်။

၁၉၆၄-၆၅ ခုနှစ်က လယ်ယာကုန်ထုတ်လုပ်မှု
တန်ဖိုး (၂၅၂) ကုဋေရှိခဲ့ရာမှ ၁၉၆၅-၆၆ ခုနှစ်မှာ
(၂၄၁) ကုဋေအထိ ကျဆင်းသွားသည်။

အထူးသဖြင့် ဆန်ရှားသွားသည်။
၁၉၆၇ ခုနှစ်၊ သြဂုတ်လတွင် စပါးခင်းများ
အကြားတွင်ရှိသော ရန်ကုန်မြို့ကြီး၌ ဆန်ပြတ်
သွားသောကြောင့် လူထုကြီး မျက်သလဲဆန်ပျာ
ဖြစ်ကြရသည်။ရန်ကုန်တမြို့လုံးမှလူအများသည်
ဆန်ထွက်ရှာနေကြရသဖြင့် ရုံးများ၊ ဆိုင်များပိတ်
သွားသည်။ ထိုအခါ စစ်စုံထောက်များက တရုတ်
အမျိုးသားများကိုလိုက်လံရိုက်နှက်ကြပြီး တရုတ်
-ဗမာ အဓိကရုဏ်းကို ဖန်တီးကာ လူထုကြီး၏
သွေးဖြင့် ဆန်ပြသာနာကို ဖြေရှင်းသည်။
များစွာ ရက်စက်ယုတ်မာလှသည်။
လူထုကြီးမှာ ကျောကော့ပြီး ခံကြရသည်။

Andrew Soe
၈ ဇန်နဝါရီ ၂၀၁၅။

*( ပုံများမှာ ၁၉၆၄ ခုနှစ် ရန်ကုန်မြို့ မြင်ကွင်း
ဓတ်ပုံ တချို့ ဖြစ်သည်)။


Posted via Blogaway

“ဗုဒ္ဓရဲ့ နဖူးသင်းကျစ်တော်”

“ဗုဒ္ဓရဲ့ နဖူးသင်းကျစ်တော်” •••••••••••••••••••••••••••••••••••••••••• ဆရာတော် အရှင်သူမြတ်ဘုရား၊ တပည့်တော် သိချင်တာကလေး နှစ်ခု မေးလျှောက်လိုပါတယ်ဘုရား။ (၁)။တပည့်တော်ရဲ့ မိခင် မြန်မာနိုင်ငံက ပင့်လာတဲ့ ကျောက်ဆင်းတုတော်ရဲ့ နဖူးတော်မှာ ထူးခြားတဲ့ အရာတစ်ခု ပါရှိနေတာကို သတိပြုမိပါတယ်။ သင်းကျစ်တော် ခေါ်တယ်လို့ မိခင်က ပြောပါတယ်ဘုရား။အဲဒါလေးနဲ့ ပတ်သက်တာကို ရှင်းပြပေးစေလိုပါတယ် ဘုရား။ (၂)။စေတီတော်တွေက ရောင်ခြည်ထွက်တယ်လို့ ကြားဖူးပါသည်ဘုရား။ ကိုယ်တိုင် တစ်ခါမျှ မဖူးမြင်ဘူးပါ။ ဘာကြောင့် ဘယ်လို ရောင်ခြည် ထွက်ရတယ်ဆိုတာကိုလည်း သိလိုပါသည်ဘုရား။ (မြမြမြိုင်) (ဖြေ)။ (၁)။ဗုဒ္ဓနဖူးပေါ်က ထူးခြားတဲ့အရာ ဗုဒ္ဓနဖူးတော်မှာ ထူးခြားတဲ့အရာ နှစ်မျိုးရှိပေမဲ့ မေးခွန်းအရ “သင်းကျစ်တော်” ဆိုတာနဲ့ ပတ်သက်လို့ပဲ ပြောပြပါမယ်။ ဗုဒ္ဓဟာ သာမန် လူသား မဟုတ်ပါဘူး။ မဟာပုရိသ (ထူးခြားမြင့်မြတ်တဲ့ ပုဂ္ဂိုလ်) ဖြစ်ပါတယ်။ ဒါကြောင့် ဗုဒ္ဓရဲ့ခန္ဓာကိုယ်မှာ မဟာပုရိသတွေမှာပါတဲ့ လက္ခဏာတော်ကြီး ၃၂ မျိုး ပါရှိတယ်။ မဟာပဒါနသုတ် (ဒီ ၂၊ ၁၅)နှင့် လက္ခဏသုတ် (ဒီ ၃၊ ၁၃၇) တို့မှာ အသေးစိတ် ဖော်ပြပါတယ်။ ဒီအထဲကတစ်ခုက “ဥဏှီသသီသော = သင်းကျစ် ဆင်ထားဘိသကဲ့သို့သော ဦးခေါင်းရှိ၏ (ဒီ-မြန် ၂၊ ၁၆)”တဲ့။ ဝိသုဒ္ဓါရုံဆရာတော်ကြီးက “ဥဏှီသသီသော = မင်းများ ဆောင်းသည့် ဦးသျှောင်သရဖူ ပုံတူအလား ဆံစနား၌ နဖူးသင်းကျစ် ရိုးပြားရှိတော်မူ၏ (ဝိသုဒ္ဓါရုံအဆုံးအဖြတ်၊ စာ-၄၅၅)” လို့ မြန်မာမှု ပြုပါတယ်။ ❖ပါရမီဖြည့်ရင်း ကုသိုလ်ကောင်းမှု ပြုလုပ်တဲ့အခါ လူအများကို ဦးဆောင်ပြီး လုပ်ခဲ့လို့ အဲဒီလက္ခဏာကို ရတာဖြစ်တယ်။ အဲဒီလက္ခဏာရှိလို့ နတ်လူဗြဟ္မာ အများဟာ ဗုဒ္ဓကို အတုလိုက်ပြီး ကျင့်ကြံကြတယ် လို့ လက္ခဏသုတ်မှာ မြတ်ဗုဒ္ဓ ဟောတော်မူပါတယ်။ ဥဏှီသသီသော ပုဒ်ကို အဋ္ဌကထာ (ဒီ-ဋ္ဌ ၂၊ ၄၂) မှာ အဓိပ္ပာယ်နှစ်မျိုးပြတယ်။ ❖“နဖူးပြင် ပြည့်ဖြိုးခြင်းနှင့် ဦးခေါင်းပြည့်ဖြိုးခြင်း ဟူသော အကြောင်းနှစ်မျိုးကြောင့် ဥဏှီသသီသဟု ဆိုခြင်းဖြစ်၏။ လက်ယာ နားစွန်းမှ လက်ဝဲနားစွန်းထိ အသားပြားထွက်၍ (မံသပဋလံ ဥဋ္ဌဟိတွာ) နဖူးပြင်တစ်ခုလုံး ဖုံးလွှမ်းသကဲ့သို့ တည်ရှိ၏။ ယင်းသည် ဘုရင်မင်းတို့ဆောင်းသော သင်းကျစ်ကဲ့သို့ လှပတင့်တယ်၏။ မဟာပုရိသတို့၏ ဤလက္ခဏာကို အတုယူပြီး မင်းဆောင်းသင်းကျစ် ဖြစ်ပေါ်လာသတတ်။ အခြား အဓိပ္ပာယ်တစ်မျိုးမှာ လူအများစု၏ ဦးခေါင်းမှာ ညီညာပြည့်ဖြိုးခြင်းမရှိ။ မဟာပုရိသတို့၏ ဦးခေါင်းမှာမူ ဆောက်ဖြင့် ထွင်းထုထားသည့်အသွင် ရေပူဖောင်းအလား ပြည့်ဖြိုး ညီညာ၏။ ပထမနည်းအရ သင်းကျစ် ဆောင်းထားသည်နှင့် တူသောကြောင့်၊ ဒုတိယနည်းအရ ရေပူဖောင်းကဲ့သို့ ဝိုင်းဝန်း ညီညာသောကြောင့် ဥဏှီသသီသဟုဆို၏”။ မြတ်ဗုဒ္ဓကို မျက်တွေ့ မဖူးမြင်လိုက်ရတဲ့ ပန်းပုပညာရှင်တွေဟာ မြတ်ဗုဒ္ဓရဲ့ ဥဏှီသသီသ လက္ခဏာတော်ကို ပေါ်လွင်အောင် ထုလုပ်ရာမှာ ယူဆချက်တွေ ကွဲပြားခဲ့ကြတယ်။ သင်းကျစ်ပုံသဏ္ဌာန်လို လုံးဝန်းပြည့်ဖြိုးခြင်း (သို့မဟုတ်) နဖူးပြင်အထက်ပိုင်းကို ဖုံးလွှမ်းထားတဲ့ ကြွက်သား (အရိုးပြား) လို့ ယူဆချက်နှစ်မျိုး။ ကနိသျှကမင်း နန်းစံ သုံးနှစ်မြောက်မှာ ထုလုပ်ခဲ့တဲ့ နာမည်ကျော် မြတ်ဗုဒ္ဓလောင်းလျာ (ဗောဓိသတ္တ)ဆင်းတုမှာ နဖူးပြင် အနည်းငယ် မြင့်ရုံလောက်ပဲ။ ဒါပေမယ့် ကုသျှန်ခေတ် နှောင်းပိုင်း မထုရာမြို့က ပန်းပုပညာရှင်တွေကတော့ ဆံစကို ထိနေတဲ့ အရိုးပြားနဲ့ ဖုံးလွှမ်းထားတဲ့ နဖူးပြင်နဲ့ သရုပ်ဖော်ခဲ့ကြတယ်။ (Rays Davids, Dialogues of the Buddha,II, p. 16. ကို ရှုပါ)။ မြတ်ဗုဒ္ဓကို အစ္ဆရိယမနုဿ = အံ့ဖွယ်လူသားအနေနဲ့ နားလည်ပြီး ဗုဒ္ဓါနုဿတိ ဘာဝနာကို ပွားများနိုင်ပါစေ။ ▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬ (၂)။ “စေတီမှ ရောင်ခြည်လွှတ်ခြင်း” ▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬ စေတီတော်ထဲမှာ ဘုရား၊ ပစ္စေကဗုဒ္ဓါ၊ရဟန္တာအရှင်မြတ် တို့ရဲ့ ဓာတ်တော်ကို ဌာပနာ (ထည့်သွင်း) ထားတာ သေချာရင် အဲဒီစေတီတော်က ရောင်ခြည်လွှတ် (တန်ခိုးပြ) ပါတယ်။ ဒါပေမယ့် ရောင်ခြည်လွှတ်စေနိုင် တဲ့ အကြောင်း သုံးခုရှိတယ်။ အဲဒါတွေက - (၁)။ယခု အသက်ထင်ရှားရှိဆဲ ရဟန္တာပုဂ္ဂိုလ်တွေက နတ်လူတို့ကိုသနားသောအားဖြင့် “ဤမည်သော စေတီမှာ ရောင်ခြည်လွှတ်ပါစေ”လို့ အဓိဋ္ဌာန်ပြုရင်၊ (၂)။သမ္မာဒေဝနတ်တွေ လူအပေါင်းကို စောင့်ရှောက်တဲ့ အနေနဲ့ “ဤတန်ခိုးပြာဋိဟာကြောင့် သာသနာတော် ကြီးပွားပါစေ၊ ကြည်ညို သူလူအပေါင်းတို့ ကုသိုလ်တရား တိုးပွားနိုင်ပါစေ” ဆိုပြီး အဓိဋ္ဌာန်ရင်၊ (၃)။သီလသမာဓိပညာ စွမ်းရည်မြင့်တဲ့ မိန်းမ၊ယောကျာ်း၊ ရဟန်းရှင်လူတို့ စေတီတော်ကို ပန်းနံ့သာစသည်နဲ့ ပူဇော်ပြီး “စေတီတော် ရောင်ခြည်လွှတ်ပါစေ” လို့ အဓိဋ္ဌာန်ရင် စေတီတော် ရောင်ခြည်လွှတ်ပါတယ်။ (မိလိန္ဒ၊ ၂၉၇)။ “ထူးမခြားနား၊ မီးရေစုံသား၊ ရောင်တော်ထွေပြား၊ ပြောင်းလို့လို့များထွေ၊ ထူးထွေတည့် အံ့ရာသော် ... စွယ်တော်ကျောင်းက ခြောက်ဖြာရောင်ခြည် လွှတ်သည်နှင့်သာပင် ...”ဆိုတဲ့ သီချင်းခန့်ကြီးဟာ ဘုရင်ကိုးကွယ်တဲ့ စွယ်တော်ကျောင်းက ဓာတ်တော်တွေ ရောင်ခြည် ကွန့်မြူးတာကို အကြောင်းပြုပြီး လူအများ ကြည်ညိုနိုင်အောင်လို့ မြဝတီမင်းကြီး ဦးစ ရေးသီခဲ့တာ ဖြစ်ပါတယ်။ ▬▬▬▬▬▬▬▬▬▬▬▬ “သတိရှိတတ်ပါစေ” ▬▬▬▬▬▬▬▬▬▬▬▬▬ အမှတ်(၃)စေတီ(သို့မဟုတ်)ဓာတ်တော်ကွန့်မြူးရခြင်း အကြောင်းနှင့် စပ်လို့ မသူတော် (သူတော်ကောင်း အစစ်မဟုတ်သူ)တို့ အခွင့်အရေးယူလေ့ရှိတာကို သတိထားသင့်ပါတယ်။ “စေတီတော်အနီးမှာ မိမိ (ရဟန်း သို့မဟုတ် လူ) ပရိတ်ရွတ်နေတုန်း၊ ပဋ္ဌာန်းရွတ်နေတုန်း၊တရားဟောနေတုန်း စေတီတော်က ရောင်ခြည်လွှတ်ပါတယ်” လို့ မိမိကိုယ်ကို လူအများ အထင်ကြီးအောင် မိမိထံ လူအများ စုရုံးလာအောင်၊လာဘ်သပ်ပကာ ပေါများဖို့ ရည်ရွယ်ချက်နဲ့ ဗွီဒီယို ရိုက်ပြတာမျိုး၊ တစ်ယောက်ယောက်က “အလံရှူး”လုပ်ပေးတာမျိုးတွေ ရှိနိုင်လို့ အဲဒီလိုလုပ်စားသူတွေရဲ့ လှည့်ဖျားမှုကို မခံရအောင် သတိရှိတတ်ပါစေ။ ။
Posted via Blogaway

“ကံနှင့်စပ်၍ သိမှတ်ဘွယ်”

“ကံနှင့်စပ်၍  သိမှတ်ဘွယ်”
••••••••••••••••••••••••••••••
လောကရှိ သတ္တ၀ါတို့သည် ကောင်းမှု၊
မကောင်းမှုတို့ကို လုပ်ဆာင်ကြစဉ်
စေ့ဆော် တိုက်တွန်းသည့်
စေတနာများ ပါဝင်လျက်ရှိကြသည်။
စေတနာသည် နာမ်တရားတို့၏ သဘာဝအတိုင်း
မျက်စိတစ်မှိတ် လျှပ်တပျက်အတွင်း
ကုဋေတစ်သိန်းမက ချုပ်ပျောက်၍ သွားပေသည်။
ထိုသို့ ချုပ်ပျောက် သွားရာတွင်
အမှတ်တမဲ့ ချုပ်ပျောက်သွားသည် မဟုတ်။

ဖြစ်ပေါ်လာသည့် စေတနာတိုင်းမှာ
အကျိုးတရားကို ပေးဆောင် နိုင်သည့်
သတ္တိများ(ကမ္မသတ္တိများ) ပါရှိနေ၏။
မျိုးစေ့များမှာ အပင်ပေါက်သည့်
အစွမ်း သတ္တိ များပါရှိနေသလိုပင်ဖြစ်သည်။
စေတနာတရား ချုပ်ပျောက် သွားသည့်အခါ
အကျိုးကို ပေးဆောင်သည့် အစွမ်းသတ္တိကို
ချန်ထားပြီးမှ ချုပ်ပျောက်သွားခြင်းဖြစ်ရာ
ထို အစွမ်းသတ္တိသည် အကြောင်းညီညွတ်မှုနှင့်
တွေ့ခဲ့သော် အကျိုး တရားကို ပေးဆောင်တော့သည်။

ဥပမာ - မျိုးစေ့များကို စိုက်ပျိုးသည့်အခါ
“မြေကောင်း နှင့် ရေကောင်း” အကောင်း
ညီညွတ်မှု နှစ်ခုနှင့် တွေ့ဆုံရပါက
အပင်များ ပေါက်ရောက် ရှင်သန်လာကြသလို
စေတနာတရားက ချန်ထားရစ်ခဲ့သော
“အစွမ်းသတ္တိ”သည်လည်း အကြောင်း
ညီညွတ်မှုနှင့် တွေ့ဆုံရလျှင် ပြန်လည်၍
အကျိုးပေး လာတော့သည်။

(၁)။ ယောနိသော မနသိကာရ-
သင့်တော်မှန်ကန်စွာ နှလုံးသွင်းမှု။
(၂)။ ကလျာဏမိတ္တ-ဆရာကောင်း သမားကောင်း၊
မိတ်ဆွေကောင်းများနှင့်တွေ့ဆုံရမှု။
အကြောင်းနှစ်ခုတို့ဖြစ်။
ထို အကြောင်းနှစ်ခုနှင့် တွေ့ဆုံရပါက
“ကောင်းကျိုး”ကို ပေးဆောင်ပေမည်။

မကောင်းမှု ပြုလုပ်သူများအဖို့ဆိုပါက-
(၁)။ အယောနိသော မနသိကာရ-
မသင့်မတော် မမှန်မကန် နှလုံးသွင်းမှု။
(၂)။ ပါပမိတ္တ-ဆရာယုတ် မိတ်ဆွေယုတ်များ
နှင့် တွေ့ဆုံရမှု ထိုအကြောင်းနှစ်ခုနှင့် တွေ့ဆုံရပါက
“မကောင်းကျိုး”ကို ပေးဆောင် သွားပေလိမ့်မည်။

ကောင်းမှုရှင် ၊ မကောင်းမှုရှင် ပုဂ္ဂိုလ်များအဖို့၊
ကောင်းမှု မကောင်းမှုရှင် ပုဂ္ဂိုလ်များအဖို့ ကောင်းမှု ၊
မကောင်းမှုများ ပြုလုပ်ပြီးသည့်နောက်
ကောင်းကျိုး ၊မကောင်းကျိုးများ ဖြစ်ပေါ်လာခြင်းမှာ
ထိုအကြောင်း ညီညွတ်မှုများနှင့်
တွေ့ဆုံရမှုကြောင့်ဖြစ်၏၊
ထိုကဲ့သို့ အကျိုးတရား ပေးဆောင်မှုသည်
တစ်ဘ၀အတွက်သာ မဟုတ်။
ဘ၀အဆက်ဆက် နိဗ္ဗာန်ရသည့်ဘ၀ အထိ
ပေးဆောင်သွားမည် ဖြစ်ပါသည်။

“ကံ” ဟု ခေါ်ဆိုရသည့် “စေတနာ၏
အစွမ်းသတ္တိ”သည် အရိပ်ပမာ ကံပြုသူ၏
နောက်သို့ ထက်ကြပ် မကွာ လိုက်ပါနေပေသည်။
၎င်းကံတို့သည် မည်သည့်နေရာဌာန၌
တည်ရှိနေပါသနည်းဟု မေးလာခဲ့သော်
တည်ရာဌာနကို တိတိကျကျ ညွှန်ပြဖို့ရန်
တတ်နိုင်ကောင်းသော အရာမဟုတ်ချေ။
တရာဋ္ဌာနကို မညွန်ပြနိုင် သဖြင့်
ကံနှင့် ကံ၏အကျိုးတရား မရှိဟုယူဆပါက
မှားယွင်းသော အယူအဆဖြစ်သွားမည်။
အကြောင်း ကိုပယ် အကျိုးကိုပယ်သည့်
အဟေတုကဒိဋ္ဌိ- နတ္ထိကဒိဋ္ဌိ- အကိရိယဒိဋ္ဌိ
အယူအဆရှိသူများ ဖြစ်သွားမည်။
ထို အယူများ ခိုင်မြဲသွားလျှင် အ၀ီစိငရဲသို့
ဧကန်မုချ ရောက်ရမည်ဖြစ်၏။

ထိုကံတို့၏ တည်ရာဌာန မရှိမဟုတ်။
ရုပ်တရား ၊နာမ်တရား တို့သည် တစ်ခဏအတွင်း
ဖြစ်ပေါ်ပြီး နောက် တစ်ခဏအတွင်း တည်ရှိကာ
တစ်ခဏ အတွင်း ချုပ်ပျောက်နေခြင်းဖြစ်ရာ
အစဉ် မပြတ် တရစပ် ဖြစ်ပေါ်
ချုပ်ပျောက်နေခြင်းဖြစ်ရာ အစဉ်မပြတ်
တရစပ်ဖြစ်ပေါ် ချုပ်ပျောက်နေသော
ရုပ်အစဉ် နာမ် အစဉ် ဖြစ်ခြင်းကြောင့်
တည်ရာဋ္ဌာနကို တိတိကျကျ ညွှန်ပြဖို့ရန်
မတတ်ကောင်းဟု ဆိုရခြင်းဖြစ်၏။

ယေဘုယျ ညွန်ပြရလျှင် ရုပ်အစဉ် ၊
နာမ်အစဉ်ကိုပင် တည်ရာဋ္ဌာန
အဖြစ်ဖြင့် ညွှန်ပြရပေလိမ့်မည်။

ဥပမာပြရလျှင် အသီးသီးတော့မည့်
သရက်ပင်တစ်ပင်ရှိ၏။
သို့သော် အသီးမသီးသေး။
အသီး မသီးသေးသည့် ထိုသရက်ပင်၌ အသီး၏
တည်နေရာကို မညွန်ပြနိုင်သဖြင့်
အသီးမရှိဟု ဆိုလျှင် လုံးဝ မှားယွင်း သွားပေလိမ့်မည်။
ယေဘုယျ ညွှန်ပြရလျှင် သရက်ပင်ကိုပင်
ညွန်ပြရသကဲ့သို့ ဖြစ်၏။

■ကုသိုလ်ကံ ၊အကုသိုလ်ကံ နှစ်ခုတို့တွင်
“ကုသိုလ်ကံ” သည် များပြား၍ ၊ “အကုသိုလ်ကံ”
သည် နည်းပါး၏။ အဘယ့်ကြောင့်ဆိုသော်
အကုသိုလ်ကံ မကောင်းမှုကို ပြုလုပ်မိပြီဟု
စိတ်နှလုံး မချမ်းမသာ ဖြစ်၏၊
စိတ်နှလုံး မချမ်းမသာ ပူလောင်သောကြောင့်
မကောင်းမှု အကုသိုလ်သည် မတိုးပွား
နည်းပါးခြင်းဖြစ်သည်။

■ကုသိုလ်ကောင်းမှု ပြုလုပ်သူမှာ ပူလောင်မှုမရှိ ၊
စိတ်နှလုံး ကြည်လင်အေးမြ ရွှင်လန်းရ၏၊
●စိတ်ရွှင်လန်းသူမှာ ၀မ်းမြောက် ၀မ်းသာ ဖြစ်ရ၏။
●၀မ်းမြောက် ၀မ်းသာဖြစ်သူမှာ နှစ်သက်မှုဖြစ်ပေါ်လာ၏။
●နှစ်သက်သောစိတ် ရှိသူ၏ ခန္ဓာကိုယ်သည် ငြိမ်းအေး၏။
●ခန္ဓာကိုယ် ငြိမ်းအေးသူသည် ချမ်းသာသုခကို ခံစားရ၏၊
●ချမ်းသာသော သူ၏ စိတ်သည် တည်ငြိမ်၏၊
●တည်ငြိမ်သူသည် ဟုတ်တိုင်းမှန်ရာကို သိ၏။
ထို အကြောင်းများကြောင့် ကုသိုလ်ကောင်းမှုသည်
များပြားတိုးပွားခြင်းဖြစ်သည်။

မကောင်းမှုကံ ပြုလုပ်ရာ၌ သိလျက်ပြုလုပ်ခြင်း နှင့်
မသိမူ၍ ပြုလုပ်ခြင်းဟု နှစ်မျိုးရှိရာ
“မသိမူ” ၍ ပြုလုပ်ခြင်းက အပြစ်များပြားသည်။
ဥပမာ ပြရလျှင် မီးလျှံရဲရဲ တောက်လောင်
နေသော သံတုန်းသံခဲကို သိလျက်ကိုင်သူနှင့် မသိမူ၍
ကိုင်သူ နှစ်မျိုးတွင် မသိမူ၍ ကိုင်သူမှာ ပြင်းထန်သည့်
ပူလောင်မှု ဝေဒနာ ကို ခံစားရပေလိမ့်မည်။

ထိုနည်းတူစွာ မသိမူ၍ မကောင်းမှု အကုသိုလ်ကံ
ပြုလုပ်လျှင် ထိုသူ၏ “အကုသိုလ်ကံ”သည်
ပိုမို၍ အပြစ်များခြင်း ဖြစ်ပေသည်။
ဤသို့ဆိုလျှင် လမ်းလျှောက်သွားလာရင်း
ပုရွက်ဆိတ်စသည့် တိရစ္ဆာန် ငယ်လေးများ နင်းမိ၍
သေစေခဲ့သော် အပြစ်မရှိပါဟု ပြောကြားရာ၌
အထက်ပါ စကားနှင့် ဆန့်ကျင်နေသည်
မဟုတ်ပါလောဟု မေးစရာရှိပေသည်။

ဤနေရာ၌ “အမှတ်သညာ” ဖြင့်
အဆုံးအဖြတ် ပေးရပါမည်။ အမှတ်သညာဟူသည်
တမင် တကာ ကျူးလွန်လိုသည့် အမှတ်သညာဖြစ်၏၊
ထို့ကြောင့် ကျူးလွန်လိုသည့် အမှတ်သညာရှိနေလျက်
နင်း၍ သေစေခဲ့သော် အကုသိုလ်အပြစ် ကြီးပေမည်။
ကျူးလွန်လိုသည့် အမှတ်သညာ မရှိဘဲ၊
အမှတ်တမဲ့ နင်း၍ သေစေခဲ့သော်
အကုသိုလ် အပြစ်မရှိနိုင်။

●အားရှိ အားနည်း၊ အားကောင်း မကောင်း 
နှစ်မျိုးခွဲလျှင် ကောင်းမှု ကုသိုလ်ကံသည် အားရှိ၏၊
အားကောင်း၏၊
●မကောင်းမှု အကုသိုလ်ကံသည် အားနည်း၏၊
အားမကောင်း။ ဤသို့ဆိုလျှင် လူသတ်မှု၊
မတရားလုယက်မှု၊ သူ့မယား ကျူးလွန်မှုစသော
ရာဇ၀တ်မှု ကျူးလွန်သူတို့သည် ဖမ်းဆီး
ချုပ်နှောင်ခံရခြင်း၊ အသေစားသေစေခြင်း
စသည့် ဆိုးကျိုးများကို ပစ္စုပ္ပန် ဘ၀မှာပင်
ခံစားကြရသည်။

ကောင်းမှုကုသိုလ် ပြုလုပ်သူတို့သည်
ပစ္စုပ္ပန် ဘ၀မှာ စည်းစိမ်ချမ်းသာ
အခြွေအရံ များစွာရခြင်း၊ ရာထူးတက်ခြင်း
စသော ကောင်းကျိုးများ အထင်အရှား
ခံစားကြရသည်ကို တွေ့မြင်ရသည်မှာ
နည်းပါးလှ ပါသည်။

ထိုအချက်များကို ထောက်၍ မကောင်းမှု
အကုသိုလ်ကံသည် အားကြီးသည်၊
အားကောင်းသည်။
ကောင်းမှု ကုသိုလ်ကံသည် အားနည်းသည်၊
အားမကောင်းဟု ယူဆခဲ့သော်
ထိုအယူအဆသည် မှန် မမှန်?
ထိုအယူအဆသည် မှားယွင်းသည်။
အဘယ်ကြောင့်ဆိုသော် မကောင်းမှု
အကုသိုလ်ကံသည် နည်းပါး သောကြောင့်
မြန်မြန် ဆန်ဆန် အကျိုးပေးခြင်းဖြစ်၏၊
ကောင်းမှု ကုသိုလ်ကံသည် များမြတ်ပြန့်ပြော
သောကြောင့် အချိန်ကြာမြင့်မှ အကျိုးပေးခြင်းဖြစ်၏။

ဥပမာ ပြရလျှင် ....
■ “သက်နုစပါးမျိုး” သည်(၂)လ၊
(၃)လ ကြာလျှင် မှည့်ရင့်၏။
စားသုံးနိုင်သည့်အဆင့်သို့ ရောက်၏။
■ “သက်ရင့်စပါးမျိုး” ကား စိုက်ပြီးနောက်
၎-လ ၊၅-လကြာမှ မှည့်ရင့်၏။
စားသုံးနိုင်သည့်အဆင့်သို့ ရောက်၏။
စပါးဖြစ်လာမှုချင်း တူသော်လည်း အာနိသင်ကား
ကွာခြားလှဘိသည်။ သက်နုစပါးမျိုးသည်
အဆီသြဇာ နည်းပါးသည်။ အောက်အခြေခံ
လူတန်းစားတို့သာ စားသုံးကြသည်။
သက်ရင့်စပါးမျိုးကား အဆီ သြဇာများသည်။
အထက်တန်းလွှာ လူတန်းစားတို့ သုံးဆောင်သော
အစာအဟာရဖြစ်သည်။

ထိုနည်းတူစွာ “မကောင်းမှု အကုသိုလ်ကံ”သည်
သက်နုစပါးမျိုး နှင့်တူ၍ နည်းပါးသောကြောင့်
မြန်မြန် အကျိုးပေးသည်။
ကောင်းမှုကုသိုလ်ကံသည် သက်ရင့်စပါးမျိုးနှင့်တူ၍
များမြတ်ပြန့်သောသောကြောင့် အချိန်ကြာမြင့်မှ
အကျိုးပေးသည်။

ထပ်မံဆိုဖွယ်ရှိသေးသည်။
တစ်ဘက် ရန်သူကို အလျှင်အမြန် တိုက်ခိုက်၍
ရန်သူကို အရှင် လတ်လတ် ဖမ်းဆီး အနိုင်ယူနိုင်သော
စစ်သားသည် ရဲရင့်သော သူရဲကောင်းဖြစ်သည်။
ရောဂါ ဝေဒနာကို အလျှင်အမြန် ပျောက်ကင်းအောင်
ကုသနိုင်သော ဆေးဆရာ ဆရာဝန်သည်
ကျွမ်းကျင် လိမ္မာသည့် ဆေးဆရာ ဆရာဝန်ဖြစ်သည်။
အတွက် အချက်ကို လျှင်လျှင် မြန်မြန် တွက်ချက်နိုင်သော
သင်္ချာဆရာသည် ကျွမ်းကျင် လိမ္မာသည့် သင်္ချာဆရာဖြစ်သည်။
ပြိုင်ဘက် လက်ဝှေ့သမားကို အလျှင်အမြန် အလဲထိုး၍
အနိုင်ယူနိုင်သော လက်ဝှေ့သမားသည် စွမ်းရည်ပြည့်ဝသည့်
(ချန်ပီယံ) လက်ဝှေ့သမား ဖြစ်သည်။

ထိုနည်းတူစွာ အလျှင်အမြန် အကျိုးပေးသည့်ကံက
အားကြီးသည် ၊အားကောင်းသည်ဟု တဆင့်တက်၍
မေးခဲ့ငြားအံ့။ ထိုအမေးအတွက် အဖြေပေးရလျှင်
ဆိုင်ရာ ဆိုင်ရာ မင်းအစိုးရ အဆက်ဆက်တို့က
လူသတ်သူ ၊မတရားလုယက်သူ၊ သူများမယား ကျုးလွန်သူ
စသူတို့အား အသေးစား သေစေ ဤ၍ဤမျှ ဒဏ်ချစေ၊
ဤရွှေ့ဤမျှ ထောင်ချစေ စသည်ဖြင့်
ဥပဒေထုတ်ထားကြသည်။

ထိုဥပဒေများအရ အရေးယူသဖြင့်သာ မကောင်းမှု
အကုသိုလ်ကံသည် လျှင်လျှင်မြန်မြန်
ဒိဋ္ဌဓမ္မ ပစ္စုပ္ပန် မှာပင် အကျိုးခံစားရသည်ဟု ဆိုပေသည်။
မင်းအစိုးရ အဆက်ဆက်တို့က အလှူဒါနပြုလုပ်သူ ၊
သီလ စောင့်ထိန်းသူ ဥပုဒ်စောင့်သုံးသူ၊
ဘာဝနာပွားများသူ စသူတို့အား ဤရွေ့ဤမျှ
စည်းစိမ် ဥစ္စာအခြံအရံကို ပေးရမည် စသည်ဖြင့်
ဥပဒေမထားရှိကြပေ။ ထိုကဲ့သို့ ဥပဒေမထားရှိသောကြောင့်
ကောင်းမှု ကုသိုလ်ကံ သည် မျက်မှောက် ပစ္စုပ္ပန်
ဒိဋ္ဌိဓမ္မ မခံစားကြရဟု ဆိုရသည်။
သို့သော် အကြောင်းညီညွတ်မှုနှင့် တွေ့ဆုံရလျှင်
ခံစားရမည်သာ ဖြစ်သည်။

ကုသိုလ်-အကုသိုလ်ကံတို့၏ အကျိုးပေးပုံသည်
ဆန်းကြယ်လှသည်။ အပေါ်ယံသာ သိမြင်
ထားကြသူများအဖို့ မယုံကြည်နိုင်စရာပင်ဖြစ်၏။

ဥပမာပြရလျှင် ဗာရဏသီပြည် မဟာပတာပ
မင်းကြီးဖြစ်၍ ၊ဘုရားလောင်းလျာက သားတော်
မင်းသားလေးဖြစ်ခဲ့သည်။ “ဓမ္မပါလ” ဟု နာမည်ပေးခဲ့ကြ၏။
မယ်တော် စန္ဒာဒေ၀ီ မိဘုရားကြီးက သားတော်လေးနှင့်အတူ
ရွှင်မြူးကားနေစဉ် မင်းကြီးလာသည်ကို နေရာမှထပြီး
မကြိုဆိုမိချေ။ မင်းကြီးသည် ဒေါသထွက်၍
သူသတ်သမားကို ခေါ်ကာ ရက်ရက်စက်စက်
သတ်စေခဲ့သည်။ဘုရားလောင်းလျာအား ထိုသို့ပြုပါလျက်
ရှင်ဒေ၀ဒတ်သည် အချို့ဘ၀များ၌ ဘုရားလောင်းလျာထက်
အဆင့်မြင့်နေသည်။ စည်းစိမ်ဥစ္စာ အခြွေအရံများစွာ
ရရှိနေသည်။ ထိုသို့ဖြစ်ရာ၌ အကုသိုလ်ကံသည်
အကျိုး မပေးပါသလောဟု မေးစရာရှိ၏။
“အကျိုးပေးပါသည်” ဟု ဖြေရမည်ဖြစ်သည်။
အကျိုးပေးသည်မှာ အချို့ဘ၀များ၌ဆိုလျင်
မြေမျို၍ အ၀ိစိငရဲ၌ ကျသည်အထိဖြစ်၏။
ရှင်ဒေ၀ဒတ်လောင်းလျာ ပြုလုပ်သည့်ကံကို
ဆန်းစစ်လျှင် သူသည် ဘုရားလောင်းလျာကိုသာ
အနှောင့်အယှက် အန္တရာယ် ပေးခြင်းဖြစ်သည်။
အခြားသူများကို အနှောက်အယှက် အန္တရာယ်
ပေးသည်မဟုတ်။ သူသည် လူအများ ချမ်းသာရေးအတွက်
ပေးကမ်းလှူဒါန်းခဲ့သည်။ ရေတွင်း ၊ရေကန်
တူးဖော်ခဲ့သည်။ တည်းခိုဇရပ်ဆောက်ခြင်း၊
လမ်းဖောက်ခြင်းစသော ကောင်းမှုများကို ပြုလုပ်ခဲ့သည်။

လူအများ ချမ်းသာရေးအတွက် ကောင်းမှုများစွာကို
ပြုလုပ်ခဲ့သောကြောင့် ကောင်းမှု အကျိုးများ ကိုလည်း
ခံစားရသည်။ ထို့ကြောင့်ပင် အချို့ဘ၀များ၌
ဘုရားလောင်းလျာက်ထက် သာလွန်နေခြင်းဖြစ် ပါသည်။
ကုသိုလ်ကံက ကောင်းကျိုး၊ အကုသိုလ်ကံက ဆိုးကျိုးကို
ပေးသည်မှာ ကမ္မနိယာမပင် မဟုတ်လော။

ကောင်းမှုကုသိုလ်ကံ၏ ကျောင်းကျိုးပေးခြင်း၊
မကောင်းမှုအကုသိုလ်ကံ၏ ဆိုးကျိုးပေးခြင်းတို့သည်
“၀ိပတ္တိ(၄)မျိုး၊ သမ္ပတ္တိ(၄)မျိုး”တို့နှင့် တွေ့ဆုံရမှုကြောင့်လည်း
အကျိုးပေးမှု ၊အကျိုးမပေးမှုတို့ ဖြစ်လာနိုင်သေး၏။

“သမ္ပတ္တိ(၄)မျိုးဟူသည်….”
•••••••••••••••••••••••••••••••
(၁)။ ကာလသမ္ပတ္တိ- မင်းကောင်းစိုးကောင်းနှင့်
လူကောင်းများရှိရာ အခါနှင့်ပြည့်စုံမှု။
(၂)။ ဥပဓိသမ္ပတ္တိ- ခန္ဓာကိုယ်အစိတ်အပိုင်း အင်္ဂါ
ရပ်များပြည့်စုံ၍ ရုပ်ရေအဆင်း သန့်ရှင်း ကြည်လင်
တင့်တယ်ခြင်းနှင့် ပြည့်စုံမှု။
(၃)။ ပယောဂသမ္ပတ္တိ- မကောင်းမှု ဒုစရိုက်များမှ ရှောင်ရှား၍
ကောင်းမှု သုစရိုက်များကို လုပ်ဆောင်ခြင်းနှင့် ပြည့်စုံမှု။
(၄)။ ဂတိသမ္ပတ္တိ-လူ့ဘ၀ ၊နတ်ဘ၀ဖြစ်ရခြင်းနှင့်
ပြည့်စုံမှုတို့ ဖြစ်သည်။

“၀ိပတ္တိ(၄)မျိုး ဟူသည်….”
•••••••••••••••••••••••••••••••••
(၁)။ ကာလ၀ိပတ္တိ- မင်းကောင်း စိုးကောင်းနှင့်
လူကောင်းများ ရှိရာ အခါနှင့် မပြည့်စုံမှု။
(၂)။ ဥပဓိဝိပတ္တိ- ခန္ဓာကိုယ်အစိတ်အတိုင်း
အင်္ဂါရပ်များချို့တဲ့၍ ရုပ်ရည်အဆင်း မတင့်တယ်မှု။
(၃)။ ပယောဂ၀ိပတ္တိ-မကောင်းမှု ဒုစရိုက်များကို ပြုလုပ်မှု။
(၄)။ ဂတိဝိပတ္တိ- ငရဲ ၊တိရစ္ဆာန် ၊ ပြိတ္တာ ၊ အသူရကာယ်
အပါယ်လေးဘုံ၌ ဖြစ်ရမှုတို့ ဖြစ်သည်။

(၁)။မကောင်းမှုများကို ပြုလုပ်ထားသော
အချို့ပုဂ္ဂိုလ်များအဖို့ အပါယ်လေးဘုံ၌
ကျရောက်လျှင် လုပ်ထားသည့်
မကောင်းမှုကံ အကျိုးပေးမည် ဖြစ်သော်လည်း
ကောင်းမှုကံ တစ်ခုကြောင့် လူ့ဘ၀၊ နတ်ဘ၀၌ ဖြစ်နေလျှင်
မကောင်းမှုကံက အကျိုးမပေးနိုင်တော့ချေ။
“ဂတိသမ္ပတ္တိ” က တားမြစ်ထားသော ကြောင့် ဖြစ်၏။

(၂)။ထိုနည်းတူစွာ မကောင်းမှုများစွာကို ပြုလုပ်ထားသော
အချို့ပုဂ္ဂိုလ်များအဖို့ ရုပ်ရည် ဥပဓိ ပျက်စီးနေလျှင်
မကောင်းမှုကံ က အကျိုးပေးမည် ဖြစ်သော်လည်း
ကောင်းမှုကံတစ်ခုကြောင့် ရုပ်ရည်ဥပဓိလှပတင့်တယ်နေလျှင်
မကောင်းမှုကံက အကျိုးမပေးနိုင်တော့ချေ။
“ဥပဓိသမ္ပတ္တိ” က ထားဖြစ်ထားသောကြောင့်ဖြစ်၏။

(၃)။ထိုနည်းတူစွာ မကောင်းမှုများစွာကို ပြုလုပ်ထားသော
အချို့ပုဂ္ဂိုလ်များအဖို့ ကာလပျက်စီးနေလျှင်
မကောင်းမှုကံက အကျိုးပေးမည်ဖြစ်သော်လည်း
ကောင်းမှုကံတစ်ခုကြောင့် မင်းကောင်း စိုးကောင်းနှင့်
လူကောင်းများရှိရာ အခါ၌ ဖြစ်နေလျှင် မကောင်းမှုကံက
အကျိုးမပေးနိုင်တော့ချေ။
“ကာလသမ္ပတ္တိ” က တားမြစ်ထားသောကြောင့်ဖြစ်၏။

(၄)။ထိုနည်းတူစွာ မကောင်းမှုများစွာကို ပြုလုပ်ထားသော
အချို့ ပုဂ္ဂိုလ်များအဖို့ မကောင်းမှု ဒုစရိုက် များကို
လုပ်ဆောင်နေလျှင် ပြုလုပ်ထားသော မကောင်းမှုကံက
အကျိုးပေးမည်ဖြစ်သော်လည်း ကောင်းမှု ကံတစ်ခုကြောင့်
ပယောဂသမ္ပတ္တိ၌ တည်လျက် ကောင်းမှု
သုစရိုက်များကို ပြုနေလျှင် မကောင်းမှုကံက
အကျိုးမပေးနိုင်တော့ချေ။
“ပယောဂသမ္ပတ္တိ” က တားမြစ်ထားသောကြောင့်ဖြစ်၏။

(၅)။ကောင်းမှုများစွာကို ပြုလုပ်ထားကြသော
အချို့ပုဂ္ဂိုလ်များအဖို့ လူ့ဘ၀ ၊နတ်ဘ၀၌ ဖြစ်ရလျှင်
ကောင်းမှုကံက အကျိုးပေးမည် ဖြစ်သော်လည်း
မကောင်းမှု ကံတစ်ခုကြောင့် အပါယ်လေးဘုံ၌
ဖြစ်နေ ရလျှင် ကောင်းမှုကံက အကျိုးမပေးနိုင်တော့ချေ။
“ဂတိဝိပ္ပတ္တိ” က တားမြစ်ထားသောကြောင့် ဖြစ်၏။

(၆)။ထိုနည်းတူစွာ ကောင်းမှုများစွာကို
ပြုလုပ်ထားကြသော အချို့ပုဂ္ဂိုလ်များအဖို့
ရုပ်ရည် ဥပဓိပြည့်စုံလျှင် ကောင်းမှုကံက
အကျိုးပေးမည် ဖြစ်သော်လည်း
မကောင်းမှုကံ တစ်ခုကြောင့် ရုပ်ရည် ဥပဓိပျက်စီးနေလျှင်
ကောင်းမှုကံက အကျိုးမပေးနိုင်တော့ချေ။
“ဥပဓိဝိပ္ပတ္တိ” က တားမြစ်ထားသောကြောင့် ဖြစ်၏။

(၇)။ထိုနည်းတူစွာ ကောင်းမှုများစွာကို ပြုလုပ်ထားကြသော
အချို့ပုဂ္ဂိုလ်များအဖို့ မင်းကောင်း စိုးကောင်းနှင့်
လူကောင်းများရှိရာအခါနှင့် ကြုံရလျှင်
ကောင်းမှုကံက အကျိုးပေးမည်ဖြစ်သော်လည်း
မကောင်းမှု ကံတစ်ခုကြောင့် ကာလပျက်စီးမှုနှင့်
ကြုံကြိုက်နေလျှင် ကောင်းမှုကံက အကျိုးမပေးနိုင်တော့ချေ။
“ကာလ၀ိပ္ပတ္တိ” က တားမြစ်ထားသောကြောင့် ဖြစ်၏။

(၈)။ထိုနည်းတူစွာ ကောင်းမှုများစွာကို ပြုလုပ်ထားကြသော
အချို့ပုဂ္ဂိုလ်များအဖို့ သုစရိုက်တရားတို့ကို လုပ်ဆောင်မှု
ဟူသော ပယောဂသမ္ပတ္တိ နှင့် ကြုံကြိုက်နေလျှင်
ကောင်းမှုကံက အကျိုးပေးမည် ဖြစ်သော်လည်း
မကောင်းမှု ဒုစရိုက်တို့ကို လုပ်ဆောင်မှုဟူသော
ပယောဂ၀ိပ္ပတ္တိနှင့် ကြုံကြိုက်နေပါလျှင် ကောင်းမှုကံက
အကျိုးမပေးနိုင်တော့ချေ။
“ပယောဂ၀ိပ္ပတ္တိ” က တားမြစ်ထားသောကြောင့်ဖြစ်၏။

ထိုသို့ ဆိုခဲ့ပြီးသည့်အတိုင်း ကောင်းမှုကံ၏
ကောင်းကျိုးပေးမှု ၊မကောင်းမှုကံ၏
ဆိုးကျိုးပေးမှုတို့သည် ၀ိပ္ပတ္တိ(၄)မျိုး၊ သမ္ပတ္တိ(၄)မျိုးတို့နှင့်
တွေ့ဆုံရမှုကြောင့်လည်း အကျိုးပေးမှု ၊အကျိုးမပေးမှုတို့
ဖြစ်လာနိုင်ကြသေးသည်။

အသင် စာရှုသူတို့သည် ကံနှင့် ကံ၏
အကျိုးပေးပုံသဘောကို နက်နဲစွာ ဆင်ခြင်
စဉ်းစားလျက် ဆောင်ရန်တို့ကိုဆောင်၊
ရှောင်ရန်တို့ကိုရှောင်၍ ကောင်းကျိုးချမ်းသာ
ရရှိအောင် လုပ်ဆောင်နိုင်ကြပါစေ။ ။
(မိလိန္ဒပါဠိတော်၊ ၀ိဘင်္ဂပါဠိတော်
တို့ကို မှီး၍ရေးသားသည်။)
-【တိပိဋကဓရ တိပိဋကဓမ္မဘဏ္ဍာဂါရိက
ဆရာတော်အရှင်ဝါယမိန္ဒာဘိဝံသ】
(ထေရ၀ါဒဓမ္မစာဆောင်မှ -)


Posted via Blogaway